ဝတ်ပြုရာကျမ်း
အခန်းကြီး ၃
နွားကို မိဿဟာယယဇ် ပြုလိုလျှင်
၁ နွားကို မိဿဟာယယဇ် ပြုလိုလျှင်၊ [A]အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကို၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။ ၂ ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ ၃ အအူကို ဖုံးသောဆီဥ၊ ၄ အအူနှင့် ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ် နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ပြီးမှ၊ ၅ အာရုန်၏ သားတို့သည် ယဇ်ပလ္လင်အပေါ်၌ ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
သိုးကို မိဿဟာယယဇ် ပြုလိုလျှင်
၆ ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယ ယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကို ဆက်ရမည်။ ၇ သိုးသူငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊ ၈ ပူဇော်သောသိုး၏ ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ် စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ ၉ အကောင်ဆီဥ၊ ကျောရိုးက တိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသောဆီဥ၊ အအူနှင့် ဆိုင်သမျှသောဆီဥ၊ ၁၀ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှင့်တကွ၊ အသည်းပေါ်၌ ရှိသောအမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ပြီးမှ၊ ၁၁ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရ ဖြစ်သတည်း။
ဆိတ်ကို မိဿဟာယယဇ် ပြုလိုလျှင်
၁၂ ဆိတ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊ ၁၃ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ် စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ ၁၄ အအူကိုဖုံးသောဆီဥ၊ အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ၁၅ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသောအမြှေးတို့ကို၊ မိမိပူဇော်သက္ကာ ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဖို့ ဆက်ပြီးမှ၊ ၁၆ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရား ဆိုင်တော်မူ၏။ ၁၇ သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရ၊ [B] ထာဝရပညတ်တော်ဖြစ်သည်၊ ဟုမိန့်တော်မူ၏။