-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၂


ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရမည်

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ အာရုန်နှင့် သူ၏သားတို့သည် ငါ့အဖို့ သန့်ရှင်းစေသော အရာအားဖြင့်၊ သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလ အမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည်အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။ ထာဝရဘုရားအဖို့ ဣသရေလ အမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်း ရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသားမည်သည်ကား၊ မစင်ကြယ်မှီ တိုင်အောင် သန့်ရှင်းသော အရာကိုမစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသော အရာကို ထိသောသူ၊ သုတ်ရည် ထွက်သောသူ၊ ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကို ထိသောသူ၊ ညစ်ညူးခြင်း တစ်စုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသောသူတို့သည်၊ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲ နေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။ နေဝင်သော နောက်မှသန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသော အရာသည် သူတို့စားစရာ ဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။ အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။ ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကို ခံလျက် မသေရမည်အကြောင်း၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရ ကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။


သန့်ရှင်းသော အစာမစားမည့်သူများ

၁၀ တစ်ပါး အမျိုးသားသည် သန့်ရှင်းသော အရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှားလည်း မစားရ။ ၁၁ ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏အိမ်၌ မွေးသောသူသည် သူ၏အစာကို စားရမည်။၁၂ ယဇ်ပုရောဟိတ် သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။ ၁၃ သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့် ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ ပြန်၍ငယ်စဉ်အခါ နေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသား မစားရ။ ၁၄ လူသည် သန့်ရှင်းသော အရာကို မသိဘဲစားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစ်စုကို ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ၁၅ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသော အရာတို့ကို မရှုတ်မချရ။ ၁၆ ထိုအရာတို့ကို စားမိ၍ ပြစ်မှားသော အပြစ်ကိုမခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်စေသည်၊ ဟုမိန့်တော်မူ၏။


အပြစ်အနာအဆာရှိသော တိရစ္ဆာန်ကိုမပူဇော်ရ

၁၇ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့်သူ၏ သားဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ ၁၈ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ တည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ ၁၉ စိတ်တော် နှင့်တွေ့ခြင်းငှာ၊ အပြစ်မပါသော သိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။ ၂၀ အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။ ၂၁ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာသိုး၊ ဆိတ်၊ နွားကို၊ ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှာ စုံလင်ရမည်။ အပြစ်တစ်စုံတခုမျှ မရှိစေရ။ ၂၂ မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ် တစ်စုံတခုရှိလျှင် ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရဘုရားအား မီးဖြင့်ပူဇော် သက္ကာမပြုရ။ ၂၃ သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသောသိုး၊ ဆိတ်၊ နွားကိုအလိုလို ပူဇော်သက္ကာဖို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။၂၄ ကြိတ်နယ်စုတ် ပြတ်ရာအနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သော အကောင်ကို ပူဇော် သက္ကာမပြုရ။ ၂၅ ထိုသို့သော အကောင်ကို တပါးအမျိုးသား ဆက်သော်လည်း၊ ပျက်သော အပြစ်ပါသော ကြောင့်၊ သင်တို့၏ ဘုရားသခင့် ပွဲတော်ဖို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့် မတွေ့၊ ဟုမိန့်တော်မူ၏။


ငါသည် ထာဝရဘုရားဖြစ်သည်

၂၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂၇ သိုး၊ ဆိတ်၊ နွားတို့သည် မွေးဖွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့်မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးနှင့် ပူဇော်သက္ကာဖို့ တော်သင့်၏။ ၂၈ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တစ်နေ့ခြင်းတွင် မသတ်ရ၊ ၂၉ ကျေးဇူးတော် ဝန်ခံရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှာ ပူဇော်လော့။ ၃၀ တစ်နေ့ခြင်းတွင် စားရမည်။ နက်ဖြန် နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၃၁ သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ကြရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၃၂ သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်၊ ဟုဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၃၃ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.