-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၆


အပြစ်ဖြေရာနေ့ အသန့်ရှင်းဆုံးဌာန ဝင်နည်း

အာရုန်၏ သားနှစ်ယောက်တို့သည်၊ ထာဝရဘုရား ရှေ့တော်၌ ပူဇော်၍ သေသောနောက်၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ သင်၏အစ်ကို အာရုန်သည်၊ သေဘေးနှင့် ကင်းလွတ်မည် အကြောင်း သန့်ရှင်းရာ ဌာနတော်အထဲ၊ သေတ္တာပေါ်မှာ တင်သော အဖုံးကို ကာကွယ်သော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေခြင်းငှာ ဆင့်ဆိုလော့။ ငါသည် သေတ္တာဖုံးအပေါ်၊ မိုးတိမ်၌ ထင်ရှားမည်၊ အာရုန်သည် သန့်ရှင်းရာ ဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူ မူကား၊ အပြစ်​ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးထီးတစ်ကောင် ပါရမည်။ သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချော ဘောင်းဘီကို ဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချော ဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ် တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည်။


အပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်

အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သူငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ သိုးတစ်ကောင်ကို၊ ဣသရေလ အမျိုးသား ပရိသတ်လက်မှ ခံယူရမည်။ အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ် နွားကို ပူဇော်၍၊ မိမိအဖို့နှင့် မိမိအိမ်သူများအဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ဆိတ်နှစ်ကောင်ကိုလည်း ယူ၍ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။ အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဖို့ စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဖို့ တစ်တံ၊ စာရေးတံနှစ်တံချ၍၊ ထာဝရဘုရားအဖို့ စာရေးတံကျသော ဆိတ်ကိုဆောင်ခဲ့၍၊ အပြစ်ဖြေရာယဇ်ဖို့ ပူဇော်ရမည်။ ၁၀ လွတ်လပ်လဟာအဖို့ စာရေးတံကျသော ဆိတ်ကို၊ အသက်ရှင်လျက် ထာဝရဘုရား ရှေ့တော်၌ ဆက်၍ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင်၊ တော၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည်။


အာရုန်နှင့်မိသားစုအတွက် အပြစ်ဖြေခြင်း

၁၁ အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ် နွားကိုဆောင်ခဲ့ပြီးလျှင်၊ မိမိအဖို့နှင့် မိမိအိမ်သူ အိမ်သားများအဖို့ အပြစ်ဖြေခြင်းကို ပြု၍၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်နွားကို သတ်ရမည်။ ၁၂ ထာဝရဘုရား ရှေ့တော်ယဇ်ပလ္လင် မီးခဲနှင့်ပြည့်သော လင်ပန်းကို ကိုင်လျက်၊ ညက်စွာသော နံ့သာပေါင်းမွှေးအမှုန့်ကို မိမိလက်၌ အပြည့်ယူ၍၊ ကုလားကာ အတွင်းသို့ ဆောင်သွားရမည်။ ၁၃ ထိုအခါ သူသည် သေဘေးနှင့် ကင်းလွတ်မည် အကြောင်း၊ နံ့သာပေါင်း အခိုးအငွေ့သည် သက်သေခံချက် အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှာ၊ ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။ ၁၄ နွားအသွေး အချို့ကိုလည်း ယူ၍၊ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ် တိုင်အောင် လက်ညှိုးနှင့် ဖြန်းရမည်။


ဣသရေလ အမျိုးသားတို့အတွက် အပြစ်ဖြေခြင်း

၁၅ ထိုနောက် လူများနှင့်ဆိုင်သော အပြစ်​ဖြေရာယဇ် ဆိတ်ကိုသတ်၍၊ အသွေးကို ကုလားကာအတွင်းသို့ ဆောင်ခဲ့ပြီးလျှင်၊ နွားအသွေးကို ဖြန်းသကဲ့သို့၊ သေတ္တာဖုံး အပေါ်၌၎င်း၊ ရှေ့၌၎င်း ဖြန်းရမည်။ ၁၆ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ကြောင့်၎င်း၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ကြောင့်၎င်း၊ သန့်ရှင်းရာ ဌာနတော်အဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ထိုသို့ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သော အပြစ်ထဲမှာ နေရသော ပရိသတ်စည်းဝေးရာ တဲတော်အဖို့ ပြုရမည်။ ၁၇ သန့်ရှင်းရာ ဌာနတော်၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ ဝင်သောအခါ၊ မိမိအဖို့၊ မိမိအိမ်သူ အိမ်သားများအဖို့၊ ဣသရေလ ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြု၍ မထွက်မှီတိုင်အောင်၊ ပရိသတ် စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှမနေရ။ ၁၈ နောက်တဖန် ထာဝရဘုရား ရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍၊ ထိုပလ္လင်အဖို့ အပြစ်​ဖြေခြင်းကို ပြုအံ့သောငှာ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။ ၁၉ ယဇ်ပလ္လင် အပေါ်၌ လည်း၊ ထိုအသွေးကို လက်ညှိုးနှင့် ခုနစ်ကြိမ်တိုင် အောင်ဖြန်း၍ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သော အပြစ်မှ စင်ကြယ် သန့်ရှင်းစေရမည်။


အပြစ်တင်သောဆိတ်ကို တောသို့လွှတ်ခြင်း

၂၀ ထိုသို့ သန့်ရှင်းရာ ဌာနတော်အဖို့၊ ပရိသတ် စည်းဝေးရာ တဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည်။ ၂၁ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလ အမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ်အမျိုးမျိုး ရှိသမျှတို့ကို ဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့ စေလွှတ်ရမည်။ ၂၂ သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။


မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ် မီးရှို့ခြင်း

၂၃ တဖန် အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာ ဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သော ပိတ်ချောအဝတ်ကို ချွတ်၍ ထိုအရပ်၌ ထားရမည်။ ၂၄ သန့်ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဖို့နှင့် လူများအဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ၂၅ အပြစ်​ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ၂၆ လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သော သူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ဝင်ရမည်။ ၂၇ သန့်ရှင်းရာ ဌာနတော်၌ အပြစ်​ဖြေခြင်းကို ပြုအံ့သောငှာ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာ ယဇ်နွားကို၎င်း၊ အပြစ်​ဖြေရာယဇ် ဆိတ်ကို၎င်း၊ တပ်ပြင်သို့ယူသွား၍ အရေ၊ အသား၊ ချေးနုကို မီးရှို့ရမည်။ ၂၈ မီးရှို့သောသူသည်လည်း မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။


အပြစ်ဖြေရာနေ့ ဥပုသ်စောင့်ရမည်
CROSS REFERENCES






၂၉ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသား ဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက် နေရကြမည်။ ၃၀ အကြောင်းမူကား၊ သင်တို့သည် ထာဝရဘုရား ရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း၊ ထိုနေ့ရက်၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှာ၊ အပြစ်ဖြေခြင်းကို ပြုရမည်။ ၃၁ ထိုနေ့ရက်သည် ထာဝရ ပညတ်တော်အတိုင်း၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့၊ [A] ခြိုးခြံစွာ ကျင့်ရသောနေ့ ဖြစ်သတည်း။ ၃၂ အဘအရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ အရင် ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့်တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည်၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည်။ ထိုယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ်၍၊ ၃၃ သန့်ရှင်းရာ ဌာနတော်အဖို့၊ ပရိသတ် စည်းဝေးရာ တဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ ယဇ်ပုရောဟိတ်များအဖို့၊ ပရိသတ် အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ ၃၄ ဤရွေ့ကား၊ ဣသရေလ အမျိုးသားတို့၏ အပြစ်ရှိသမျှတို့ကြောင့် တစ်နှစ်တစ်ခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်း၊ ဟုမောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.