-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၄


နူနာစွဲသူ စင်ကြယ်စေနည်း

တဖန် မောရှေအား ထာဝရဘုရားက၊ နူနာစွဲသောသူသည် စင်ကြယ်သောနေ့၌ ကျင့်ရသော တရားဟူမူကား၊ ထိုသူကို ယဇ်ပုရောဟိတ် ထံသို့ခေါ်ခဲ့ပြီးမှ၊ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသောအခါ၊ နူနာပျောက်သည် မှန်လျှင်၊ စင်ကြယ်စေခြင်းကို ခံရသော ထိုသူအဖို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသော ကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊ စီးသောရေကို ထည့်သော မြေအိုးထဲ၌ ငှက်တစ်ကောင်ကို သတ်စေပြီးမှ၊ အာယဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့် နှင့်တကွ၊ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌ နှစ်ပြီးလျှင်၊ နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍၊ ထိုသူသည် စင်ကြယ်၏၊ ဟုစီရင်ရမည်။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသောအရပ်၌ လွှတ်လိုက်ရမည်။ စင်ကြယ် စေရသောသူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ်စေခြင်းငှာ ရေချိုးရမည်။ ထိုနောက် တပ်ထဲသို့ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။ သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍ မိမိအဝတ်ကို လျှော်ပြီးမှ ရေချိုး၍ စင်ကြယ်ရ၏။ ၁၀ အဋ္ဌမနေ့၌ လည်း အပြစ်မရှိ၊ အခါမလည်သော သိုးသူငယ် အထီးနှစ်ကောင်၊ အမတစ်ကောင်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ဆီရောသော မုန့်ညက် သုံးဩမဲနှင့် ဆီတလောဃကို ၎င်းယူပြီးလျှင်၊ ၁၁ စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သော လူကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ထိုပူဇော် သက္ကာနှင့်တကွ ဆက်ရမည်။ ၁၂ သိုးသူငယ် အထီးတစ်ကောင်ကို ယူပြီးလျှင် ဒုစရိုက်​ ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသော ပူဇော်သက္ကာဖို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။ ၁၃ ထိုသိုးသူငယ်ကို အပြစ်ဖြေရာယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်​ဖြေရာ ယဇ်ကောင်ကို ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့၊ ဒုစရိုက် ​ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။ ၁၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာယဇ်ကောင် အသွေးကိုယူ၍၊ စင်ကြယ်စေရသော သူ၏ လက်ယာနားပျဉ်း၌၎င်း၊ လက်ယာလက်မ၊ လက်ယာ​ခြေမ၌၎င်း ထည့်ရမည်။ ၁၅ ဆီအချို့ကိုလည်း ယူ၍ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊ ၁၆ ထိုဆီကို မိမိလက်ယာ လက်ညှိုးနှင့် တို့ယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။ ၁၇ မိမိလက်၌ ကြွင်းသော ဆီကို၊ စင်ကြယ်စေရသော သူ၏လက်ယာ နားပျဉ်း၌၎င်း၊ လက်ယာလက်မ၊ လက်ယာ​ခြေမ၌၎င်း ရှိသော ဒုစရိုက်​ ဖြေရာယဇ်ကောင် အသွေးပေါ်မှာ ထည့်ရမည်။ ၁၈ မိမိလက်၌ ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသောသူ၏ ခေါင်းပေါ်မှ လောင်း၍ ထိုသူအဖို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။ ၁၉ ထိုမှတပါး၊ စင်ကြယ်စေရသော သူအဖို့ အပြစ်ဖြေခြင်းငှာ၊ အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍၊ နောက်တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။ ၂၀ မီးရှို့ရာ ယဇ်ကောင်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့်၊ ထိုလူအဖို့ အပြစ်ဖြေခြင်းကို ပြု၍၊ သူသည် သန့်ရှင်းရ၏။


ဆင်းရဲသော နူနာစွဲသူ စင်ကြယ်စေနည်း

၂၁ ထိုသူသည် ဆင်းရဲ၍ ဤမျှလောက် မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဖို့ ဒုစရိုက်​ဖြေရာ ယဇ်သိုးသူငယ် တစ်ကောင်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာဖို့ ဆီရောသော မုန့်ညက် တဩမဲနှင့် ဆီတလောဃကို၎င်း၊ ၂၂ တတ်နိုင်သမျှ အတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ တစ်ကောင်ကို၎င်း ယူ၍၊ ၂၃ မိမိ စင်ကြယ်ခြင်းအလိုငှာ ထာဝရဘုရား ရှေ့တော်တွင် ပရိသတ် စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ အဋ္ဌမနေ့၌ ဆောင်ခဲ့ပြီးမှ၊ ၂၄ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်​ဖြေရာ ယဇ်သိုးသူငယ်နှင့် ဆီတလောဃကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာဖို့ ချီလွှဲရမည်။ ၂၅ ထိုသိုးသူငယ်ကို သတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာ နားပျဉ်း၌၎င်း၊ လက်ယာ လက်မ၊ လက်ယာ ​ခြေမ၌၎င်း ထည့်ရမည်။ ၂၆ ဆီအချို့ကိုလည်း မိမိလက်ဝဲ လက်ဝါး၌ လောင်းပြီးလျှင်။ ၂၇ ထိုဆီကို မိမိလက်ယာ လက်ညှိုးနှင့် ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ် တိုင်အောင် ဖြန်းရမည်။ ၂၈ မိမိလက်၌ ကြွင်းသော ဆီကို စင်ကြယ်စေရသောသူ၏ လက်ယာ နားပျဉ်း၌၎င်း၊ လက်ယာ လက်မ၊ လက်ယာ ​ခြေမ၌၎င်း ရှိသော ဒုစရိုက်​ဖြေရာ ယဇ်ကောင် အသွေးပေါ်မှာ ထည့်၍၊ ၂၉ မိမိ၌ ကြွင်းသေးသော ဆီကို ထိုလူခေါင်းပေါ်မှ လောင်း၍၊ သူ့အဖို့ အပြစ်ဖြေခြင်းကို၊ ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။ ၃၀ ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ ၃၁ အပြစ်​ဖြေရာ ယဇ်ဖို့တစ်ကောင်၊ ဘောဇဉ် ပူဇော်သက္ကာနှင့် တကွ မီးရှို့ရာယဇ်ဖို့ တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။ ၃၂ ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေခြင်းငှာ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သောတရား ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


အိမ်တစ်စုံတခု၌ နူနာကို ငါစွဲစေလျှင်

၃၃ ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၃၄ သင်တို့ပိုင်ထိုက်ရာ၊ ငါပေးသောခါ နာန်ပြည်သို့ သင်တို့ရောက် သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်တစ်စုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊ ၃၅ အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံသို့သွား၍ အ​ကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏၊ ဟုပြောဆိုလျှင်၎င်း၊ ၃၆ ထိုအိမ်၌ ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာကို အကြည့်အရှု မဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှာ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊ ၃၇ အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံ ချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ ၃၈ အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက် ပတ်လုံး ပိတ်ထားရမည်။ ၃၉ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊ ၄၀ အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှာ ယဇ်ပုရောဟိတ် စီရင်၍၊ ၄၁ ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင် မစင်ကြယ်သော အရပ်၌ သွန်ပစ်ရမည်။ ၄၂ အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။ ၄၃ ထိုသို့ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲပြန်လျှင်၊ ၄၄ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ထိုအိမ်၌ အနာတိုးပွားသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။ ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊ ၄၅ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။ ၄၆ ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။ ၄၇ ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည် မိမိအဝတ်ကို လျှော်ရမည်။


အိမ်အဖို့ အပြစ်ဖြေခြင်း

၄၈ ယဇ်ပုရောဟိတ်သည် အကြည့်အရှု လာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွားလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏၊ ဟုစီရင်ရမည်။ ၄၉ ထိုအိမ်ကို စင်ကြယ်စေခြင်းငှာ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုတ်ပင်ညွန့် တို့ကိုယူ၍၊ ၅၀ စီးသော ရေကိုထည့်သော မြေအိုးထဲ၌ ငှက်တစ်ကောင်ကို သတ်ပြီးမှ၊ ၅၁ အာရဇ်သစ်သား၊ ဟုဿုတ်ပင်ညွန့်၊ နီသောကြိုး၊ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောသော ရေ၌ နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။ ၅၂ ထိုသို့ ငှက်သွေး အစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ၊ ၅၃ အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဖို့ အပြစ်ဖြေခြင်းကို ပြုလျှင် စင်ကြယ်ခြင်း ရှိလိမ့်မည်။ ၅၄ ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှာ ၅၅ ဗောက် နူနာအစရှိသော နူနာအမျိုးမျိုး၊ ၅၆ အဝတ်၌ စွဲသောနူနာ၊ အိမ်၌ စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော ၅၇ နူနာတရား ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.