ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၃
နူနာကို ယဇ်ပုရောဟိတ်က စစ်ဆေးရမည် [A]
၁ တဖန် ထာဝရဘုရားသည်၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၂ လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသော လက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန်ထံသို့ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ထံသို့ ဖြစ်စေခေါ်ခဲ့ရမည်။ ၃ ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏အရေ၌ ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ ရှိသောအမွေးသည် ဖြူလျှင်၎င်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်၎င်း၊ နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ၊ မစင်ကြယ်၊ ဟုစီရင်ရမည်။ ၄ ကိုယ်အရေ၌ ရှိသော နူကွက်သည် ဖြူလျှင်၎င်း၊ အရေအောက်၌ စွဲဟန်မရှိ၊ အမွေးမဖြူလျှင်၎င်း၊ ယဇ်ပုရောဟိတ်သည်၊ အနာရှိသောသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ ၅ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာသည်အရှေ့၌ မတိုးမလျော့နေလျှင်၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ ၆ တဖန်သတ္တမနေ့၌ ကြည့်ရှု၍ အနာသည်အရေ၌ မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည် စင်ကြယ်၏၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ ယားနာ သက်သက်ဖြစ်၏။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။ ၇ စင်ကြယ်စေခြင်းငှာ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာ တိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ် ကြည့်ရှုပြန်၍၊ ၈ ယားနာ တိုးပွားသည်ကို မြင်သောအခါ၊ ထိုသူသည် မစင်ကြယ်၊ ဟုစီရင်ရမည်၊ နူနာဖြစ်၏။
၉ နူနာစွဲသောသူကို ယဇ်ပုရောဟိတ် ထံသို့ ခေါ်ခဲ့ရမည်။ ၁၀ %%% ယဇ်ပုရောဟိတ် ကြည့်ရှု၍၊ အရေ၌ ထသော အဖူးနှင့်တကွ အမွှေးသည် ဖြူလျှင်၎င်း၊ အဖူး၌ အသားစိုရှိလျှင်၎င်း၊ ၁၁ ကိုယ်အရေ၌ ဟောင်းသော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်၍ ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲ နေရမည်။ ၁၂ နူနာသည် အရေ၌ တိုးပွား၍ အနာစွဲသောသူ တကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဖဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ် ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊ ၁၃ ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ်၏၊ ဟုယဇ်ပုရောဟိတ် ဆင်ခြင်၍ စီရင်ရမည်။ တကိုယ်လုံး ဖြူသည်ဖြစ်၍ စင်ကြယ် ၏။ ၁၄ သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ်။ ၁၅ ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု၍ ထိုသူသည် မစင်ကြယ်၊ ဟုစီရင်ရမည်။ အသားစိုသည် မစင်ကြယ်။ နူနာအမှန်ဖြစ်၏။ ၁၆ အသားစိုသည် ခြားနား၍ ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည်။ ၁၇ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ အနာဖြူပြန်သည်ကို မြင်လျှင်၊ ထိုအနာရှိသော သူစင်ကြယ်၏၊ ဟုယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည်စင်ကြယ်၏။
၁၈ ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ပျောက်ပြီးမှ၊ ၁၉ အနာရွတ်၌ ဖြူသောအဖူး ဖြစ်စေ၊ ဖြူနီသော အနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ၂၀ အရေအောက်၌ စွဲဟန်ရှိ၍အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ အနာစိမ်းထဲက ထွက်သော နူနာဖြစ်၏။ ၂၁ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသော အမွှေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ ၂၂ အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။ ၂၃ သို့မဟုတ် နူကွက်မရွေ့၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ်၏။ ထိုသူ စင်ကြယ်၏၊ ဟုစီရင်ရမည်။
၂၄ အရေအသား၌ မီးလောင်နာရှိ၍၊ မီးလောင်နာ အသားစို၌ ဖြူနီသော နူကွက်ရှိလျှင်၊ ၂၅ ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည်။ နူကွက်အမွှေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲက ထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာမှန်၏။ ၂၆ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ နူကွက်၌ ဖြူသော အမွှေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ ၂၇ သတ္တမနေ့၌ ယဇ်ပုရောဟိတ် ကြည့်ရှု၍ နူကွက်သည် အရေ၌ တိုးပွားလျှင်၊ ထိုသူသည် မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ နူနာဖြစ်၏။ ၂၈ သို့မဟုတ် နူကွက်မရွေ့အရေ၌ မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ မီးလောင်နာ အဖူးဖြစ်၏။ ထိုသူသည် စင်ကြယ်၏၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ မီးလောင်သော အနာရွတ် သက်သက်ဖြစ်၏။
ဗောက်နူနာ
၂၉ ယောကျ်ားမိန်းမသည်လည်း၊ ခေါင်း၌ ဖြစ်စေ၊ မေး၌ ဖြစ်စေ၊ အနာပေါက်၍၊ ၃၀ %%% ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်နှင့်တကွ အမွှေးဝါဝါ ပါးပါးရှိလျှင်၊ ထိုသူ မစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ ခေါင်း၌ ဖြစ်စေ၊ မေး၌ ဖြစ်စေ၊ ဗောက်နူနာဖြစ်၏။ ၃၁ ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သော အမွှေးလည်း မရှိလျှင်၊ ထိုအနာပေါက် သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည်။ ၃၂ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာမတိုးပွား၊ ပါးအမွှေးမရှိ၊ အရေအောက်၌ စွဲဟန်လည်း မရှိလျှင်၊ ၃၃ ထိုသူ၏ အမွှေးကို ရိတ်ရမည်။ အနာအမွှေးကိုကား မရိတ်ရ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ ၃၄ သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အရေ၌ အနာမတိုးပွား၊ အရေအောက်၌ မစွဲလျှင်၊ ထိုသူသည် စင်ကြယ်၏၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ မိမိအဝတ်ကို လျှော်၍ စင်ကြယ်ရ၏။ ၃၅ စင်ကြယ်စေပြီးမှ၊ နောက်တဖန် ဗောက်နူနာ တိုးပွားလျှင်၊ ၃၆ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍ အနာတိုးပွားသည် မှန်လျှင်၊ ယဇ်ပုရောဟိတ်သည် ဝါသော အမွှေးကို မရှာရ။ ထိုသူသည် မစင်ကြယ်။ ၃၇ သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သော အမွှေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည် စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က၊ ထိုသူသည် စင်ကြယ်၏၊ ဟုစီရင်ရမည်။
နဖူးပြောင်စင်ကြယ်
၃၈ ယောက်ျား မိန်းမသည်လည်း ထိုအရေ၌ ဖြူသော နူကွက်ရှိ၍၊ ၃၉ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသော အဆင်းရှိလျှင်၊ အရေ၌ ပေါက်သော ညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။ ၄၀ ဆံပင်ကျွတ်သော သူသည်၊ ခေါင်းပြောင်သော်လည်း စင်ကြယ်၏။ ၄၁ နဖူးဆံပင် ကျွတ်သောသူသည်၊ နဖူးပြောင်သော်လည်း စင်ကြယ်၏။
ခေါင်းပြောင် နဖူးပြောင်နူနာ
၄၂ ပြောင်သောခေါင်း၌ ဖြစ်စေ၊ ပြောင်သောနဖူး၌ ဖြစ်စေ၊ ဖြူနီသော အနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သော နူနာဖြစ်၏။ ၄၃ ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ ပေါက်သောအနာ၏ အဖူးဖြူနီလျှင်၊ ၄၄ ထိုသူသည် မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌ အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်၊ ဟုယဇ်ပုရောဟိတ် စီရင်ရမည်။ ၄၅ နူနာစွဲသောသူသည် စုတ်သော အဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကို ဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်၊ ဟုဟစ်ကြော်ရမည်။ ၄၆ ထိုအနာစွဲသည် ကာလပတ်လုံး၊ သူသည် ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်း နေရမည်။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည်။
အဝတ်နူနာ
၄၇ ၎င်းနည်း နူနာစွဲသောသူ အဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွှေးအဝတ်ဖြစ်စေ၊ ၄၈ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသား ပင်ဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သော အသုံးအဆောင်ဖြစ်စေ၊ ၄၉ အဝတ်၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင် နူနာဖြစ်၏။ ယဇ်ပုရောဟိတ် အားပြရမည်။ ၅၀ ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကိုကြည့်ရှု၍ ခုနစ်ရက် ပတ်လုံး လုံခြုံစွာ ထားရမည်။ ၅၁ သတ္တမနေ့၌ တဖန်ကြည့်ရှု၍ အဝတ်၌ အနာတိုးပွားလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အရာဖြစ်စေ မစင်ကြယ်။ စားတတ်သော နူနာစွဲပြီ။ ၅၂ ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သော နူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေ အသုံးအဆောင်ကို မီးရှို့ရမည်။ ၅၃ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသား အဝတ်၊ သားရေ အသုံးအဆောင်၌ အနာမတိုးပွားလျှင်၊ ၅၄ အနာစွဲသောအရာကို ဆေးလျှာ် စေမည်အကြောင်း၊ ယဇ်ပုရောဟိတ် စီရင်၍ တဖန် ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။ ၅၅ ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန်၍၊ အနာ မတိုးပွားသော်လည်း၊ အဆင်း မခြားနားလျှင် မစင်ကြယ် မီးရှို့ရမည်။ အတွင်း၌ ဖြစ်စေ၊ အပြင်၌ ဖြစ်စေ ဆွေးမြေ့ခြင်းရှိ၏။ ၅၆ ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသား ထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည်။ ၅၇ နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေ အသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သော အနာဖြစ်၏၊ ထိုသို့ အနာစွဲသော ဥစ္စာကိုမီးရှို့ရမည်။ ၅၈ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေ အသုံးအဆောင် ဟူသမျှကို ဆေးလျှော်၍ အနာပျောက်လျှင်၊ ဒုတိယအကြိမ် ဆေးလျှော်၍ စင်ကြယ်ရ၏။ ၅၉ ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှာ၊ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံး အဆောင်တို့နှင့် ဆိုင်သော တရားဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။