သုတ္တံကျမ်း
အခန်းကြီး ၅
အမျိုးပျက်သော မိန်းမကို ဝေးဝေးရှောင်လော့
၁ ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ၂ ငါ့ပညာကို မှတ်ကျုံး၍၊ ငါပေးသော ဥာဏ်သို့ သင့်နားကို လှည့်လော့။ ၃ အကြောင်းမူကား၊ အမျိုးပျက်သော မိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသော စကားသည် ဆီထက် ချောသော်လည်း၊ ၄ အဆုံး၌ကား၊ သူသည် ဘင်းခါးရွက်ကဲ့သို့ ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။ ၅ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍၊ သူသွားရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ ၆ သင်သည် အသက်လမ်းကို မဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။ ၇ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။ ၈ ထိုသို့သော မိန်းမတို့ကို ဝေးစွာ ရှောင်သွားလော့။ သူ့နေရာ တံခါးဝသို့ မချဉ်းနှင့်။ ၉ သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူတပါး၌၎င်း၊ ကိုယ်အသက်ကို ကြမ်း တမ်းသောသူတို့၌၎င်း၊ အပ်လိမ့်မည်။ ၁၀ တပါးအမျိုးသားတို့သည် သင်၏ စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ရသော ဥစ္စာသည် တပါးအမျိုးသား အိမ်သို့ ရောက်လိမ့်မည်။ ၁၁ နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊ ၁၂ ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီတကား။ ၁၃ ငါ့ဆရာတို့၏ စကားကို နားမထောင်ဘဲ၊ ငါ့အား သွန်သင်သောသူတို့၏ စကားကိုနားမခံဘဲ နေလေပြီတကား။ ၁၄ စည်းဝေးသော ပရိသတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီတကား၊ ဟုမြည်တမ်းရလိမ့်မည်။
ကိုယ့်မယားနှင့် ပျော်မွေ့လော့
၁၅ ကိုယ်ဆိုင်သော ရေအိုးကိုသုံး၍၊ ကိုယ်ရေတွင်းထဲက ထွက်သောစမ်းရေကို သောက်လော့။ ၁၆ သင်၏စမ်းရေများ ပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များဖြစ်စေလော့။ ၁၇ တပါးအမျိုးသားနှင့် ပေါင်းဘက်၍ မဆိုင်စေဘဲ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့။ ၁၈ သင်၏ စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍၊ အသက်အရွယ် ပျိုစဉ်ကာလ၊ ပေါင်းဖေါ်သော မယားနှင့်အတူ ပျော်မွေ့လော့။ ၁၉ သူသည် စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက် နေလော့။ ၂၀ ငါ့သား၊ သင်သည် အမျိုးပျက်သော မိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကို အဘယ်ကြောင့် ဘက်ယမ်းသနည်း။ ၂၁ လူသွား လာသမျှသော လမ်းတို့သည် ထာဝရဘုရား မျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။ ၂၂ အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်။ ၂၃ သူသည် အလွန်မိုက် သောကြောင့် မှားယွင်း၍၊ သွန်သင်ခြင်းကို မခံရဘဲ သေသွားရလိမ့်မည်။