သုတ္တံကျမ်း
အခန်းကြီး ၂၆
၁ နွေကာလ၌ မိုးပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ၌ မိုးရေကဲ့သို့၎င်း၊ မိုက်သောသူသည်ဂုဏ်အသရေကိုမခံသင့်။ ၂ စာငှက်သည်အရပ်ရပ်လှည့်လည်၍၊ ဇရက်သည်လည်းပျံသွားသကဲ့သို့၊ ထိုနည်းတူအကြောင်းမရှိသောကျိန်ဆဲခြင်းသည်မသင့်ရောက်တတ်။ ၃ မြင်းဘို့နှင်တံ၊ မြည်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဘို့ကြိမ်လုံးသည်သင့်ပေ၏။ ၄ မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကားကိုမချေနှင့်။ ထိုသို့ချေလျှင်သူနှင့်တူလိမ့်မည်။ ၅ မိုက်သောသူ၏သဘောသို့လိုက်၍သူ၏ စကားကိုချေလော့။ သို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်။ ၆ မိုက်သောသူတွင်မှာလိုက်သောသူသည်ကိုယ်ခြေကို ဖြတ်၍အကျိုးနည်းရှိ၏။ ၇ သုတ္တံစကားကိုမိုက်သောသူပြောခြင်းသည်ခြေဆွံ့သောသူ၏ခြေကြွခြင်းကဲ့သို့ဖြစ်၏။ ၈ မိုက်သောသူကိုချီးမြှောက်ခြင်းသည်ကျောက်ပုံ၌ ကျောက်မြတ်ကိုပစ်ထားခြင်းကဲ့သို့ဖြစ်၏။ ၉ ဆူးသည်ယစ်မူးသောသူ၏ လက်ကိုစူးသကဲ့သို့၊ သုတ္တံစကားသည်မိုက်သောသူ၏နှုတ်၌ ရှိ၏။ ၁၀ ကြီးသောသူသည်ခပ်သိမ်းသောသူတို့ကိုတုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့်ပြစ်မှားတတ်သောသူတို့ကိုစေသုံးတတ်၏။ ၁၁ ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ်သကဲ့သို့၊ မိုက်သောသူသည်မိုက်သောအကျင့်ကိုပြန်၍ကျင့်တတ်၏။၊ ၁၂ ငါသည်ပညာရှိ၏ဟုထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်ရာ အခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍မြော်လင့်စရာအခွင့်ရှိ၏။
ပျင်းရိသောသူ
၁၃ ပျင်းရိသောသူအိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟုဆိုတတ်၏။ ၁၄ တံခါးရွက်သည်စရွေး၌ လည်သကဲ့သို့ ပျင်းရိသောသူသည်အိပ်ရာပေါ်မှာလည်တတ်၏။ ၁၅ ပျင်းရိသောသူသည်မိမိလက်ကိုအိုး၌ သွင်းသော်လည်း၊ တဖန်နှုတ်၍မိမိပါးစပ်သို့ခွံ့ရလျှင်စိတ်ညစ်တတ်၏။ ၁၆ ပျင်းရိသောသူက၊ ငါသည်အကျိုးအကြောင်းကိုပြတတ်သောသူခုနစ်ယောက်ထက် သာ၍ပညာရှိသည်ဟုကိုယ်ကိုထင်တတ်၏။
၁၇ လမ်း၌ လျှောက်သွား၍မိမိမဆိုင်သောအမှုကိုရောနှောသောသူသည်ခွေးနားရွက်ကိုကိုင်ဆွဲသောသူနှင့်တူ၏။ ၁၈ ငါကျီ စားရုံမျှသာပြုသည်ဟုဆိုလျက်၊ ၁၉ မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည်မီးစ၊ မြှား၊ သေဘေးကိုပစ်တတ်သောအရှုးနှင့်တူ၏။ ၂၀ ထင်းမရှိလျှင်မီးသေတတ်သကဲ့သို့ကုန်းတိုက်သောသူမရှိလျှင်ရန်ငြိမ်းတတ်၏။ ၂၁ မီးခဲချင်းပြုသကဲ့သို့၎င်း ထင်းသည်မီးကိုမွေးသကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည်ခိုက်ရန်မှုကိုပြုစုတတ်၏။ ၂၂ ကုန်းတိုက်သောသူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏။ ၂၃ ချစ်အားကြီးသောနှုတ်နှင့်ဆိုးညစ်သောစိတ်နှလုံးသည် ချော်မွမ်းမံသောအိုးခြမ်းနှင့်တူ၏။ ၂၄ အငြိုးထားသောသူသည်နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်အထဲမှာလှည့်စားသောသဘောကို ဝှက်ထားတတ်၏။ ၂၅ ထိုသို့သောသူ၏စကားသည်ချိုသော်လည်းမယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာစက်ဆုပ်ရွံရှာဘွယ်သောအရာ ခုနစ်ပါးရှိ၏။ ၂၆ အငြိုးထားခြင်းကိုလှည့်စားခြင်းအားဖြင့် ဝှက်ထားသောသူ၏ဒုစရိုက်အပြစ်သည်ပရိသတ်ရှေ့မှာထင်ရှားလိမ့်မည်။ ၂၇ တွင်းတူးသောသူသည်မိမိတွင်းထဲသို့ကျလိမ့်မည်။ ကျောက်ကိုလှိမ့်သောသူအပေါ်သို့ထိုကျောက်သည်ပြန်၍လိမ့်လိမ့်မည်။ ၂၈ မုသာပြောတတ်သောသူသည်မိမိညှဉ်းဆဲသောသူတို့ကိုမုန်းတတ်၏။ ချော့မော့တတ်သောသူသည်လည်းဖျက်ဆီးတတ်၏။