သုတ္တံကျမ်း
အခန်းကြီး ၂၅
၁ ယုဒရှင်ဘုရင်ဟေဇကိလူတို့ကူးရေးသောရှောလမုန်မင်း၏သုတ္တံစကားဟူမူကား၊ ၂ အမှုအရေးကိုဝှက်ထားခြင်းသည် ဘုရားသခင်၏ဘုန်းတော်နှင့်သင့်၏။ ရှင်ဘုရင်မှုကားအမှုရေးကိုစစ်ကြောခြင်းအားဖြင့်ဂုဏ်အသရေတည်၏။ ၃ မိုးကာင်းကင်သည်မြင့်၏။ မြေကြီးသည်နက်၏။ ရှင်ဘုရင်နှလုံးကိုလည်းစစ်၍မသိနိုင်။ ၄ ငွေထဲကချော်ကိုထုတ်ပယ်လျှင်ပန်းတိမ်သမားနှင့်တော်သင့်သောဖလားကိုရလိမ့်မည်။ ၅ မတရားသောသူတို့ကိုရှင်ဘုရင်ထံတော်မှပယ်လျှင်အာဏာတော်သည် တရားအားဖြင့်တည်လိမ့်မည်။ ၆ ရှင်ဘုရင်ထံတော်၌ ကိုယ်ကိုမချီးမြှောက်နှင့်။ လူကြီးနေရာ၌ မနေနှင့်။ ၇ အကြောင်းမှုကား၊ ဖူးမြင်ရသောမင်းရှေ့မှာနှိမ့်ချခြင်းကိုခံရသည်ထက်ဤအရပ်သို့တက်ပါဟူသောစကားကိုသာ၍ကြားကောင်း၏။ ၈ အလျင်အမြန်ရန်မတွေ့နှင့်။ အိမ်နီးချင်းသည်သင့်ကိုအရှက်ခွဲပြီးမှ၊ သင်သည်အဘယ်သို့ပြုမည်နည်း။
၉ သင်သည်အိမ်နီးချင်းနှင့်ကိုယ်အမှုကိုဆွေးနွေးလော့။ ဝှက်ထားအပ်သောအမှုအရာကိုသူတပါးအားမထုတ်ပြနှင့်။ ၁၀ သို့မဟုတ်သူသည်သင့်ကိုအရှက်ခွဲသဖြင့်သင်၏ဂုဏ်သရေအစဉ်သဖြင့်ဆုံးလိမ့်မည်။ ၁၁ လျောက်ပတ်သောစကားသည်ငွေအပြောက်မှာစီချယ်သောရွှေရှောက်ချိုသီးနှင့်တူ၏။ ၁၂ နားထောင်တက်သောသူကိုလျောက်ပတ်စွာဆုံးမတက်သောသူသည် ရွှေနားထောင်းကဲ့သို့၎င်း၊ ရွှေစင်တန်ဆာကဲ့သို့၎င်းဖြစ်၏။ ၁၃ စပါးရိတ်ရာကာလ၌ မိုးပွင့်ကြောင့်ချမ်းသကဲ့သို့သစ္စာစောင့်သောတမန်သည်စေလွှတ်သောသူ၌ ဖြစ်၍၊ သခင်စိတ်ကိုချမ်းဧစေတတ်၏။ ၁၄ ပေးမည်ဟုဝါကြွား၍မပေးဘဲနေသောသူသည် မိုးရေမပါသောတိမ်နှင့်လေကဲ့သို့ဖြစ်၏။ ၁၅ ကြာမြင့်စွာသည်းခံလျှင်မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။
၁၆ ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့။ အစားကြူးလျှင်ရင်ပြည့်၍အန်ရလိမ့်မည်။ ၁၇ သင်၏အိမ်နီးချင်း အိမ်၌ ကြာမြင့်စွာမနေနှင့်။ နေလျှင်သူသည်သင့်ကိုငြီးငွေ့၍မုန်းလိမ့်မည်။ ၁၈ အိမ်နီးချင်းတဘက်၌ မမှန်သောသက်သေကိုခံသောသူသည်ဒုတ်၊ ဓါး၊ သံချွန်နှင့်တူ၏။ ၁၉ အမှုရောက်သောကာလ၌ သစ္စာပျက်တတ်သောသူကိုယုံလျှင်သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကိုခံရ၏။ ၂၀ စိတ်ညှိုးငယ်သောသူအားသီချင်းဆိုသောသူသည်ဆောင်းကာလ၌ အဝတ်ကိုချွတ်သောသူ၊ ယမ်းစိမ်းပေါ်မှာပုံးရည်ကိုလောင်းသောသူနှင့်တူ၏။ ၂၁ သင်၏ရန်သူသည်မွတ်သိပ်လျှင်လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့။ ၂၂ ထိုသို့ပြုလျှင်သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား၍၊ ထာဝရဘုရားသည်လည်းသင်၌ ဆုချတော်မူမည်။ ၂၃ မြောက်လေသည်မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည်ဒေါသမျက်နှာကိုဆောင်တတ်၏။ ၂၄ ရန်တွေ့တတ်သောမိန်းမနှင့်လူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်တောင့်ထဲမှာနေသော်သာ၍ကောင်း၏။ ၂၅ ဝေးသော ပြည်မှရောက်လာသောဝမ်းမြောက်စရာသီတင်းစကားသည်ရေငတ်သောသူ၌ ချမ်းဧသောရေကဲ့သို့ဖြစ်၏။ ၂၆ ဖြောင့်မတ်သောသူသည်မတရားသောသူရှေ့တွင်မှားယွင်းလျှင်နောက်သောရေကန်ပုပ်သောစမ်းရေတွင်းနှင့်တူ၏။ ၂၇ ပျားရည်ကိုစားကြူးလျှင် မကောင်းသကဲ့သို့ကိုယ်ဂုဏ်အသရေကိုရှာလျှင်ဂုဏ်အသရေမရှိ။ ၂၈ ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည်မြို့ရိုးပျက်၍ဟင်းလင်းရှိသောမြို့နှင့်တူ၏။