သုတ္တံကျမ်း
အခန်းကြီး ၂၀
၁ စပျစ်ရည်သည်လှည့်စားတတ်၏။ သေရည်သေရက်သည်ရုန်းရင်းခတ်ပြုခြင်းအမှုကိုဖြစ်စေတတ်၏။ ထိုသို့သောအားဖြင့် မှားယွင်းသောသူသည်ပညာမရှိ။ ၂ ရှင်ဘုရင်ကြောက်စေသောအမှုအရာသည်ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော်သောသူသည်မိမိအသက်ကိုပြစ်မှား၏။ ၃ ရန်တွေ့ခြင်းကိုငြိမ်းစေသောသူသည်ဂုဏ်အသရေရှိ၏။ မိုက်သောသူမူ ကား၊ အမှုနှင့်ရောနှောတတ်၏။ ၄ ချမ်းသောကြောင့်ပျင်းရိသောသူသည်လယ်မလုပ်လို။ ထိုကြောင့်စပါးရိတ်သောကာလ၌ သူတပါးကိုတောင်းသော်လည်းမရရာ။ ၅ လူစိတ်နှလုံး၌ ပညာအကြံသည်နက်သောရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည်ခပ်ယူလိမ့်မည်။ ၆ လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူ ရှာ၍တွေ့နိုင်သနည်း။ ၇ ဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏။ ၈ တရားပလ္လင်ပေါ်မှာထိုင်သောရှင်ဘုရင်သည်မကောင်းသောအမှုအရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပယ်ရှင်းတတ်၏။ ၉ ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟုအဘယ်သူဆိုနိုင်သနည်း။ ၁၀ အလေးချင်းမတူသောအလေး၊ အဝင်ချင်းမတူသောတင်းတောင်းတို့ကိုထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ၁၁ သူငယ်သော်လည်းမိမိပြုသောအမှုသည်စင်သည်မစင်သည်မှန်သည်မမှန်သည်ကိုမိမိအခြင်းအရာအားဖြင့်ပြ၍မိမိသဘောကိုထင်ရှားစေ၏။ ၁၂ ကြားတတ်သောနားကို၎င်း၊ မြင်တတ်သောမျက်စိကို၎င်း၊ ထာဝရဘုရားဖန်ဆင်းတော်မူပြီ။ ၁၃ ဆင်းရဲမည်ဟုစိုးရိမ်စရာရှိသည် ဖြစ်၍အိပ်ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင်ဝစွာစားရ၏။ ၁၄ ဝယ်သောသူကားမကောင်းဘူး၊ မကောင်းဘူးဟုဆိုတတ်၏။ ဝယ်၍သွားပြီးမှဝါကြွားတတ်၏။ ၁၅ ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကား၊ အလွန်အဘိုးထိုက်သောရတနာဖြစ်၏။ ၁၆ မကျွမ်းသောသူအတွက်၊ အမျိုးပျက်သောမိန်းမအတွက်၊ အာမခံတတ်သောသူသည်အဝတ်အစရှိသောဥစ္စာတစုံတခုကိုပေါင်ထားစေ။
၁၇ လှည့်စား၍ရသောအစာသည်ချိုမြိန်သော်လည်း၊ စားသောသူ၏နှုတ်သည်ကျောက်စရစ်နှင့်ပြည့်လိမ့်မည်။ ၁၈ အကြံရှိသောသူသည်သူတပါးနှင့်တိုင်ပင်လျှင်အကြံထမြောက်တတ်၏။ ကောင်းသောတိုင်ပင်ခြင်းရှိမှသာစစ်မှုကိုပြုရမည်။ ၁၉ လည်၍စကားများသောသူသည်လျှို့ဝှက်တတ်သောအရာကိုဖေါ်ပြတတ်၏။ သို့ဖြစ်၍ချော့မော့တတ်သောသူနှင့်မပေါင်းဖေါ်နှင့်။ ၂၀ အကြင်သူသည်မိဘကိုကျိန်ဆဲ၏။ ထိုသူ၏မီးခွက်သည်ထူထပ်သောမှောင်မှိက်၌ သေလိမ့်မည်။ ၂၁ အမွေဥစ္စာကိုအစဦး၌ အလျှင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ ၂၂ ငါသည်ရန်တုံပြုမည်ဟုမဆိုနှင့်၊ ထာဝရဘုရားကိုငံ့လင့်လော့။ သို့ပြုလျှင်ကယ်တင်တော်မူလိမ့်မည်။ ၂၃ အလေးချင်းမတူသောအလေးတို့ကိုထာဝရဘုရားစက်ဆုပ်ရွံ့ရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင်လည်းအပြစ်ရှိ၏။ ၂၄ လူသွားရာလမ်းကိုထာဝရဘုရားစီရင်တော်မူ၏။ သို့ဖြစ်၍သူသည်မိမိသွားရာလမ်းတို့ကိုအဘယ်သို့နားလည်နိုင်သနည်း။ ၂၅ ဘုရားအမှု၌ စကားလွန်မိသောသူသစ္စာဂတိထားပြီးမှမေးမြန်းသောသူသည်ကျော့ကွင်းနှင့် တွေ့မိပြီ။ ၂၆ ပညာရှိသောရှင်ဘုရင်သည်လူဆိုးတို့ကိုကွဲပြားစေ၍၊ ဘီးနှင့်ဖိတတ်၏။ ၂၇ လူ၏စိတ်ဝိညာဉ်သည်ကိုယ်အတွင်း၌ ရှိရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မီးခွက်ဖြစ်၏။ ၂၈ ကရုဏာတရားနှင့်သစ္စာတရားသည်ရှင်ဘုရင်ကို စောင်မတတ်၏။ ရာဇပလ္လင်တော်သည်ကရုဏာတရားအားဖြင့်မြဲမြံတတ်၏။ ၂၉ လူ၏ဘုန်းကားအစွမ်းသတ္တိ၊ လူအို၏ဂုဏ်အသရေသည်ကားဖြူသောဆံပင်ဖြစ်၏။ ၃၀ အနာကိုမွှေနှောက်ခြင်းအားဖြင့်အဆိုးအညစ်နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ့်အတွင်းအရပ်တို့၌ ထိုသို့သောကျေးဇူးကိုပြုတတ်၏။