သုတ္တံကျမ်း
အခန်းကြီး ၁၂
၁ နည်းဥပဒေကိုခံချင်သောသူသည်ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ ၂ သူတော်ကောင်းသည်ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကိုကြံစည်သောသူမူကား၊ အပြစ် စီရင်တော်မူခြင်းကိုခံရ၏။ ၃ လူသည်ဒုစရိုက်အားဖြင့်ကျွန်ုပ်ခြင်းသို့မရောက်ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကားမရွှေ့ရာ။ ၄ သီလရှိသောမိန်းမသည်မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သောမိန်းမမူကား၊ လင်း၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။ ၅ ဖြောင့်မတ်သောသူ၏အကြံသည်ဖြောင့်၏။ မတရားသောသူပေးသောအကြံမူကားမုသာဖြစ်၏။ ၆ မတရားသောသူ၏စကားသည်သူ့အသက်ကိုသတ်ခြင်းငှါစောင်းမြောင်းတတ်၏။ ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတပါးတို့ကိုကယ်နှုတ်တတ်၏။ ၇ မတရားသောသူ၏အိမ်သည်ပြိုလဲပျောက်ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်းရှိတတ်၏။ ၈ လူသည်ဥာဏ်ပညာရှိသည်အတိုင်းချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင် ပြုခြင်းကိုခံရ၏။ ၉ စားစရာမရှိဘဲဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည်သာ၍ကောင်း၏။ ၁၀ ဖြောင့်မတ်သောသူသည်မိမိတိရစ္ဆာန်အသက်ကိုနှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ ပင်ကြမ်းကြုတ်တတ်၏။ ၁၁ မိမိလယ်ယာကိုလုပ်သောသူသည်ဝစွာစားရ၏။ အချည်းနှီးသောအမှုကိုစောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ ၁၂ မတရားသောသူသည်လူဆိုးသုံးတတ်သောကျော့ကွင်းကိုအလိုရှိ၏။ ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။ ၁၃ စကားလွန်ကျူးရာတွင်ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲကထမြောက်တတ်၏။ ၁၄ လူသည်မိမိနှုတ်ခမ်းအသီးကိုဝစွာစားရ၏။ မိမိလက်လုပ်ရာအကျိုးအပြစ်ကိုလည်းခံရ၏။
၁၅ မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏။ အကြံပေးသောစကားကိုနားထောင်သောသူမူကား ပညာရှိ၏။ ၁၆ မိုက်သောသူ၏အမျက်ဒေါသသည်ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကားရှက်စရာအမှုကို ဖုံးတတ်၏။ ၁၇ မှန်သောစကားကိုပြောသောသူသည်ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသာတရားကိုပြသတတ်၏။ ၁၈ သန်လျက်နှင့်ထိုးသကဲ့သို့စကားပြောတတ်သောသူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကားအနာကို ပင်ပျောက်စေတတ်၏။ ၁၉ သစ္စာနှုတ်ခမ်းသည်အစဉ်အမြဲတည်၏။ မုသာလျှာမူကားခဏသာတည်၏။ ၂၀ မကောင်းသောအကြံကိုကြံသောသူတို့၏စိတ်ထဲမှာလှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှါအကြံပေးသောသူတို့၌ ကား၊ ဝမ်းမြောက်စရာအကြောင်းရှိ၏။ ၂၁ တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့်ပြည့်ဝရလိမ့်မည်။ ၂၂ မုသာသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကိုစောင့်ရှောက်သော သူတို့မူကား၊ နှစ်သက်တော်မူဘွယ်ဖြစ်ကြ၏။ ၂၃ ပညာသတိရှိသောသူသည်မိမိသိသောအရာကိုပင်ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက်မိုက်သောသဘောကိုထင်ရှားပြတတ်၏။ ၂၄ လုံ့လဝရိယပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။ ၂၅ ဝမ်းနည်းခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။ ၂၆ ဖြောင့်မတ်သောသူသည်အိမ်နီးချင်းကိုလမ်းပြတတ်၏။ မတရားသောသူလိုက်သောလမ်းမူကား၊ သူ့ကိုပင်လှည့်စားတတ်၏။ ၂၇ ပျင်းရိသောသူသည်မုဆိုးလုပ်သော်လည်းဖမ်းရသောအကောင်ကိုကင်၍မစားရ။ လုံ့လဝိရိယပြုသောသူ၏ဥစ္စာမူကားအဘိုးထိုက်ပေ၏။ ၂၈ ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။