ဆာလံကျမ်း
အခန်းကြီး ၉၂
ဥပုသ်နေ့အဘို့ ဆာလံသီချင်း။
၁ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ ၂ အမြင့်ဆုံးသော ဘုရား၏ နာမတော်ကို ထောမနာ သီချင်းဆိုခြင်းငှါ၎င်း၊ ၃ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း၊ လျောက်ပတ်ပေ၏။ ၄ အိုထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက် စေတော်မူသည်ဖြစ်၍၊ လက်တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။ ၅ အိုထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့သည် ကြီးမား၍၊ အကြံအစည် တော်လည်း အလွန်နက်လှပါ၏။ ၆ တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမူအရာဟူမူကား၊ ၇ မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရ ပျက်စီးခြင်းသို့ ရောက်ရသော အကြောင်းပေတည်း။ ၈ ကိုယ်တော်မူကား၊ အစဉ်အမြဲ ကြီးမြင့်တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။ ၉ အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ အဓမ္မအမှုကို ပြုသောသူ အပေါင်းတို့သည် အရပ်ရပ် ကွဲပြားကြလိမ့်မည်။ ၁၀ အကျွန်ုပ်၏ ချိုကိုကား၊ ကြံ့ချိုကဲ့သို့ ချီးမြှောက်၍၊ အကျွန်ုပ်ကို အသစ်သော ဆီနှင့် လိမ်းတော်မူလိမ့်မည်။ ၁၁ အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့ အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။ ၁၂ ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။ ၁၃ ထာဝရဘုရား၏ အိမ်တော်၌ စိုက်သောသူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ ၁၄ အသက် ကြီးသော ကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝ စိမ်းလန်းကြလိမ့်မည်။ ၁၅ ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်၊ ဟုထင်ရှားလိမ့်သတည်း။