ဆာလံကျမ်း
အခန်းကြီး ၈၃
ဣသရေလကို တိုက်ဘို့ ကြံစည်သူများ
၁
အိုဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အိုဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့်။
၂
ကိုယ်တော်၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
၃
ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။
၄
ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့ စရာမရှိစေခြင်းငှါ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့၊ ဟုဆိုကြပါ၏။
၅
သဘောတညီ တညွတ်တည်း တိုင်ပင်၍၊ ကိုယ်တော်တဘက်၌ အချင်းချင်း သင်းဖွဲ့သောသူဟူမူကား။
၆
ဧဒုံပြည်၌ နေသောသူ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊
၇
ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ၊ ဖိလိတ္တိအမျိုးသား တို့သည် သင်းဖွဲ့ကြပါ၏။
၈
အာရှုရိအမျိုးသား တို့သည်လည်း၊ ဝိုင်း၍ လောတအမျိုးသား တို့ဘက်သို့ ဝင်ကြပါ၏။
သူတို့ကို စီရင်တော်မူပါ
၉
မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်းနှင့် ယာဘိန်မင်းကို၎င်း၊ [A]ပြုသကဲ့သို့ သူတို့ကိုပြုတော်မူပါ။
၁၀
ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
၁၁
ငါတို့သည် ဘုရားသခင်၏ အိမ်များကို ကိုယ်ဖို့ သိမ်းယူကြကုန်အံ့၊ ဟုဆိုသော ဩရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊
၁၂
ဤသူတို့၏ မှူးမတ်များကို၎င်း၊ ဇေဘမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ [B] ဤသူတို့၏ မင်းသားအပေါင်းကို၎င်း၊ ဖြစ်စေတော်မူပါ။
၁၃
အကျွန်ုပ်၏ဘုရားသခင်၊ လေဘွေ၌ ပါသွားသော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောဖွဲကဲ့သို့၎င်း၊ သူတို့ကို ဖြစ်စေတော်မူပါ။
၁၄
တောကိုမီးရှို့သကဲ့သို၎င်း၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့၎င်း၊
၁၅
ထိုနည်းတူ၊ မိုးသက်မုန်တိုင်း တော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့်၊ ချောက်လှန့်တော်မူပါ။
၁၆
အိုထာဝရဘုရား၊ သူတို့မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော်။
၁၇
စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်း ရှိကြပါစေသော်။ အရှက်ကွဲ ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော်။
၁၈
ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော် တပါးတည်းသာလျှင်၊ မြေကြီးတပြင်လုံး အပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော်။