ဆာလံကျမ်း
အခန်းကြီး ၇၉
တပါးအမျိုးသားတို့၏ ရန်တင်ပြ
၁ အိုဘုရားသခင်၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင်၊ သန့်ရှင်းသော ဗိမာန်တော်ကို ညစ်ညူးစေ၍၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ။ ၂ ကိုယ်တော်၏ကျွန် အသေကောင်တို့ကို မိုးကောင်းကင် ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့အသားကို တောသားရဲတို့အား၎င်း၊ ကျွေးကြပါပြီ။ ၃ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ ပတ်လည်၌ သွန်ကြ၍၊ သင်္ဂြိုလ်သောသူလည်း မရှိပါ။ ၄ အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌ နေသောသူများ ပြက်ယယ်ပြု၍ အရှက်ခွဲရာ ဖြစ်ကြပါ၏။
တပါးအမျိုးသားများကို တရားစီရင်တော်မူပါ
၅ အိုထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှ ကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။ ၆ ကိုယ်တော်ကို မသိသော တပါးအမျိုးသား တို့အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော တိုင်းနိုင်ငံသားတို့ အပေါ်သို့၎င်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။ ၇ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား၍၊ သူ၏နေရာကိုလည်း သုတ်သင် ပယ်ရှင်းကြပါပြီ။ ၈ ရှေးက ပြစ်မှားမိသော အပြစ်များကို အကျွန်ုပ်တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန်နှိမ့်ချလျက် ရှိပါသည်ဖြစ်၍၊ ကရုဏာတော်သည် အလျှင်အမြန် ကူမပါစေသော်။ ၉ ကယ်တင်တော်မူသောဘုရား၊ နာမတော်၏ ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကို မစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကို နှုတ်ယူ၍ အပြစ်များကို ဖြေရှင်းတော်မူပါ။ ၁၀ သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်း၊ ဟုတပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏ အသွေးဘက်မှာ တရားစီရင်တော်မူသော အကြောင်းသည် တပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက်၌ ထင်ရှားပါစေသော်။ ၁၁ အချုပ်ခံရသောသူ၏ ညည်းတွားသံကို နားထောင်တော်မူပါ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာပေးတော်မူပါ။ ၁၂ အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါ ဘုရား။ ၁၃ သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော၊ ကိုယ်တော်၏ လူအကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ် ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော်ကို အစဉ်အဆက် ဖြစ်လတံ့သောသူတို့အား ဖော်ပြကြပါမည်။