ဆာလံကျမ်း
အခန်းကြီး ၇၀
အောက်မေ့စေခြင်းငှါ စပ်ဆိုသောဆာလံ။
၁ အိုဘုရားသခင်၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန် ပြုတော်မူပါ။ ၂ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက် ကြပါစေသော်။ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သော သူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော်။ ၃ အကျွန်ုပ်ကို အေဟေ့၊ အေဟေ့၊ ဟုဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့လှန်ခြင်းကို ခံရပါစေသော်။ ၄ ကိုယ်တော်ကို ရှာသောသူ အပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက် ရွှင်လန်းကြပါစေသော်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို နှစ်သက်သောသူတို့သည်၊ ဘုရားသခင် ဘုန်းကြီး တော်မူစေသတည်း၊ ဟုအစဉ်မပြတ် ပြောကြပါစေသော်။ ၅ အကျွန်ုပ်မူကား ဆင်းရဲ ငတ်မွတ်ပါ၏။ အိုဘုရားသခင် အကျွန်ုပ်ရှိရာသို့ အလျှင်အမြန် ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ကယ်တင်သောသူ ဖြစ်တော်မူ၏။ အိုထာဝရဘုရား ဆိုင်းလင့်တော်မမူပါနှင့်။