ဆာလံကျမ်း
အခန်းကြီး ၆၇
လူများတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော်
၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာ စိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍၊ မျက်နှာတော်၏ အလင်းကို လွှတ်တော်မူပါစေသော်။ ၂ ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေသော်။ ၃ အိုဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော်။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော်။ ၄ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆို ကြပါစေသော်။ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။ ၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော်။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော်။ ၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင် တည်းဟူသော ငါတို့၏ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီး ပေးတော်မူ၏။ ၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီး ပေးတော်မူဦးမည်။ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရား သခင်ကို ကြောက်ရွံ့ကြလိမ့်မည်။