ဆာလံကျမ်း
အခန်းကြီး ၅၈
ဒါဝိဒ်၏ဆာလံ၊ မွေးကတည်းကလမ်းလွဲ
၁ အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။ ၂ တရားသဖြင့် စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည်၍၊ မြေကြီးပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ်ကြ၏။ ၃ မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသော သဘောရှိကြ၏။ မွေးကတည်းက လမ်းလွဲ၍ မုသာစကားကို ပြောတတ်ကြ၏။ ၄ သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ [A] နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ ၅ လိမ္မာသော အလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲ နေသကဲ့သို့ ဖြစ်ကြ၏။
လူဆိုးတို့အပေါ် ဖြစ်စေချင်သောအရာ
၆ အိုဘုရားသခင်၊ သူတို့ပါးစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အိုထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ။ ၇ ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက် ကြပါစေသော်။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော်။ ၈ ခရုသည် သွားစဉ်တွင် ရွေ့လျော့သကဲ့သို့၎င်း၊ ပျက်သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော်။ ၉ ဆူးပင်နှင့် မွှေးသော မီးပူမှန်းကို အိုးတို့သည်မသိမှီ၊ အသက်ရှင်သော ဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေဘွေ တိုက်သွားပါစေသော်။ ၁၀ ဖြောင့်မတ်သောသူသည် ထိုသို့သော ဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ ၁၁ မတရားသော သူတို့၏အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။ ၁၂ သူတပါးကလည်း ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင်သည် ဧကန်အမှန် ရှိတော်မူသည်၊ ဟုဝန်ခံကြပါလိမ့်မည်။