ဆာလံကျမ်း
အခန်းကြီး ၅၇
ဒါဝိဒ်သည် ဥမင်၌ ရှောလုထံမှ ထွက်ပြေးသောအခါ စပ်ဆိုသောဆာလံ။
၁ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကိုခိုလှုံပါ၏။ ၂ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။ ၂ ငါသည် အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်။ ၃ ကောင်းကင်က လက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့် သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။ ၄ ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသမီးလောင်လျက် ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့သွားတို့သည် လှံနှင့် မြှားဖြစ်ကြ၏၊ သူတို့လျှာသည်လည်း ထက်သော သန်လျက်ဖြစ်၏။
ကိုယ်တော်ကို ချီးမွမ်းပါမည်
၅ အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော် ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံးကို ဘုန်းတော်လွှမ်း မိုးပါစေသတည်း။ ၆ သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြပြီ။ ၇ အိုဘုရားသခင် အကျွန်ုပ် နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ် နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ချီးမွမ်း ထောပနာပြုပါမည်။ ၈ အိုငါ့ဝိညာဉ် နိုးလော့။ တယောနှင့် စောင်းတို့နိုးကြလော့။ ငါလည်း စောစောနိုးမည်။ ၉ အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာ သီချင်းဆိုပါမည်။ ၁၀ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုးတိမ်သို့၎င်း မှီပါ၏။ ၁၁ အိုဘုရားသခင် ကောင်းကင်မြင့်သည်ထက် ကိုယ်တော် ကြီးမြင့်တော် မူစေသတည်း။ မြေကြီးတပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။