ဆာလံကျမ်း
အခန်းကြီး ၅၆
ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ ရောက်သောအခါ စပ်ဆိုသော ဆာလံ။
၁ အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့် နေ့တိုင်းတိုက်၍အကျွန်ုပ်ကို နှိပ်စက်ကြပါ၏။ ၂ ရန်သူတို့သည် နေ့တိုင်း ကိုက်စားအံ့သော ဒေါသရှိ၍ မြင့်သောစိတ်နှင့်အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ၏။ ၃ အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ ၄ ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။ ၅ သူတို့သည် နေ့တိုင်း ငါ့စကားကို အလွဲယူကြ၏။ ငါ၌ မကောင်းသော အကြံကိုသာ ကြံစည်ကြ၏။ ၆ ငါ့အသက်ကို စောင့်စဉ်အခါ စုဝေး၍ ချောင်းမြောင်းလျက်၊ ငါ့ခြေရာတို့ကို ကြည့်မှတ်ကြ၏။ ၇ သူတို့သည် မတရားသော အမှုအားဖြင့် လွှတ်ခြင်းသို့ ရောက်ရပါမည်လော။ အိုဘုရားသခင် ထိုလူများတို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။
နှုတ်ကပတ်တော်၌ ဝါကြွားမည်
၈ အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်းအရာတို့ကို ကိုယ်တော်မှတ်၍၊ အကျွန်ုပ် မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည် မဟုတ်လော။ [A] ၉ ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသောကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကို ခံရကြမည်ကို ငါသိ၏။ ၁၀ ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ငါသည် ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ၁၁ ငါသည် ဘုရားသခင်ကို ခိုလှုံသည် ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။ ၁၂ အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍ သစ္စာဝတ်ကို ဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ၁၃ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်းမှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သော သူတို့၏ အလင်းထဲမှာ၊ ဘုရားသခင် ရှေ့တော်၌ အကျွန်ုပ် ကျင့်နေပါမည်အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍ လဲခြင်းမှ ကယ်လွှတ်တော်မူမည် မဟုတ်လော။