ဆာလံကျမ်း
အခန်းကြီး ၅၃
ဘုရားသခင်မရှိ၊ ဟုမိုက်သောသူထင် [A]
၁ ဘုရားသခင်မရှိ၊ ဟုမိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသောသူ တယောက်မျှမရှိ။ ၂ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူ တစုံတယောက် ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊ ၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။
၄ မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲ နေရကြသလော။ ၅ သို့ဖြစ်၍ ကြောက်လန့်စရာ မရှိသော်လည်း အလွန်ကြောက်လန့် ကြလိမ့်မည်။ အကြောင်းမူကား သင့်ကိုဝန်းရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲ ကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့် သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။ ၆ ဣသရေလ အမျိုးကို ကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော်။ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန် ဘုရားသခင်သည် ဆောင်ခဲ့ တော်မူသောအခါ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။