ဆာလံကျမ်း
အခန်းကြီး ၄၈
ထာ၀ရဘုရားသည် ကြီးမြတ်တော်မူ၏
၁ ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ သန့်ရှင်းသော တောင်တော်ပေါ်မှာ ငါတို့ ဘုရားသခင်၏ မြို့တော်တွင် အထူးသဖြင့် ထောမနာ ချီးမွမ်းခြင်းကို ခံထိုက်တော်မူ၏။ ၂ မြေကြီးတပြင်လုံး ရွှင်လန်းရာ ဇိအုန်တောင်ထိပ်သည် အဆင်းလှပ၏။ မြောက်မျက်နှာဘက်၌ မဟာမင်းကြီး၏ မြို့တော်သည် တည်၏။ ၃ ထိုမြို့၏ ဘုံဗိမာန်တို့တွင် ဘုရားသခင်၌ ခိုလှုံရသည်ကို သိရ၏။ ၄ ရှင်ဘုရင်တို့သည် စည်းဝေး၍ အတူ လျှောက်သွားကြ၏။ ၅ မြင်သောအခါ မှိုင်တွေ၍ ထိတ်လန့်လျက် ပြေးကြ၏။ ၆ ထိုအရပ်၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာရှိကြ၏။ ၇ တာရှုသင်္ဘောတို့ကို ချိုးဖျက်သော အရှေ့လေနှင့် တွေ့သကဲ့သို့ ဖြစ်ကြ၏။
ဘုရားသခင်၏ ဂုဏ်သတ္တိများ
၈ ငါတို့သည် ကြားဘူးသည်အတိုင်း၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏မြို့၊ ငါတို့ဘုရားသခင်၏ မြို့တော်၌ တွေ့မြင် ရကြ၏။ ဘုရားသခင်သည် မြို့တော်ကို အစဉ်အမြဲ တည်စေတော်မူမည်။
၉ အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ဗိမာန်တော်ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါသည်။
၁၀ အိုဘုရားသခင်၊ နာမတော်သည် မြေကြီးစွန်းတိုင်အောင် နှံ့ပြားသည်နည်းတူ ဂုဏ်အသရေတော်လည်း နှံ့ပြားလျက်ရှိပါ၏။ လကျ်ာလက်တော်သည် ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ၏။
၁၁ တရား စီရင်တော်မူချက် များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်၍၊ ယုဒ အမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
၁၂ သားမြေးတို့အား ကြားပြောမည် အကြောင်း၊ ဇိအုန်မြို့ကို ပတ်ပတ်လည်၍ ပြအိုးတို့ကို ရေတွက်ကြလော့။
၁၃ ရင်တား
(a) တို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။
၁၄ အကြောင်းမူကား ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။
_________________________
Footnotes
(a) ရင်တားသည်ရဲတိုက်၊ ခံတပ်၊ မြို့ရိုးကိုဆိုလိုသည်။