ဆာလံကျမ်း
အခန်းကြီး ၄၃
ဘုရားသခင်ထံ ချီးမွမ်းဘို့တောင်းခံ
၁ အိုဘုရားသခင်၊ အကျွန်ုပ်အမှု၌ တရားဆုံးဖြတ်တော်မူပါ။ ကရုဏာမရှိသော လူမျိုး တဘက်ကနေ၍ အကျွန်ုပ် အမှုကို စောင့်တော်မူပါ။ သစ္စာမရှိ၊ မတရားသော သူ၏လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ၊ ၂ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံရ၍ အကျွန်ုပ်သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ်ကြောင့် နေရပါသနည်း။ ၃ အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသော တောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော်။ ၄ သို့ပြုလျှင် ဘုရားသခင်၏ ယဇ်ပလ္လင်သို့၎င်း၊ အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းရာ ဘုရားသခင်ထံတော်သို့၎င်း၊ အကျွန်ုပ်သည် ရောက်လာ၍ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာ ပြုပါမည်ဘုရား၊ အကျွန်ုပ်၏ဘုရား။ ၅ အိုငါ့ဝိညာဉ် သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျက် နေလော့။ ငါ့ကို ကယ်တင်တော်မူသော အရှင် ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြု ရလေအံ့သတည်း။