ဆာလံကျမ်း
အခန်းကြီး ၂၈
အကူအညီတောင်းသော ဒါဝိဒ်၏ဆာလံ
၁ အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ မထူးဘဲနေ တော်မမူပါနှင့်။ မထူးဘဲ နေတော်မူလျှင် အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူကဲ့သို့ ဖြစ်ရပါမည်။
၂ အကျွန်ုပ်သည် သန့်ရှင်းသော ဗျာဒိတ်ဌာနတော်
(a) သို့ လက်ကိုချီ၍ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ် တောင်းလျှောက်သော အသံကို နားထောင်တော်မူပါ။
ဆိုးသောသူတို့ကို အပြစ်ပေးတော်မူပါ
၃ အိမ်နီးချင်း၏အကျိုးကို ဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် လောကဝတ်စကားကို ပြောတတ်သောသူ တည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသော အမှုကို ပြုတတ်သောသူတို့နှင့် အတူ အကျွန်ုပ်ကို သွေးဆောင်တော် မမူပါနှင့်။ ၄ သူတို့ကျင့်သော အကျင့်ဓလေ့ ဆိုးယုတ်သည်နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက် စီရင်တော်မူပါ။ ၅ သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို၎င်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကို၎င်း၊ မမှတ်ကြသောကြောင့် တည်ဆောက် တော်မမူ ဖြိုဖျက်တော်မူမည်။
ထာ၀ရဘုရားသည် ငါ၏ခွန်အား
၆ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ၇ ငါတောင်းလျှောက်သော အသံကို နားထောင်တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မတော် မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏။ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။ ၈ ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲ မြံစေတော်မူ၏။ ၉ ကိုယ်တော်၏ လူစုကို ကယ်တင်၍၊ အမွေတော်ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူတို့ကို အုပ်ထိန်း၍ ထာဝရ ချီးမြှောက်ခြင်း ရှိစေတော်မူပါ။
_________________________
Footnotes
(a) သန့်ရှင်းသော ကိုယ်တော်၏ ကျိန်းဝပ်တော်မူရာအရပ်