ဆာလံကျမ်း
အခန်းကြီး ၂၇
ထာဝရဘုရားကြောင့် အဘယ်သူကိုမျှ မကြောက်
၁ ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏ အသက် ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်လန့်ရအံ့နည်း။ ၂ ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်၊ ဟုလာကြသောအခါ၊ ခြေတိုက်မိ၍ လဲကြ၏၊ ၃ ငါ့တဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍ လာကြသော်လည်း၊ ထိုအမှုတွင်ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။
ဗိမာန်တော်၌ မွေ့လျော်ချင်
၄ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံး နေရမည်အကြောင်း တည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။ ၅ အကြောင်းမူကား၊ ဘေးအန္တရာယ် ရောက်သည် ကာလတဲတော်တွင် င့ါကို ကွယ်ကာတော်မူမည်။ ဗိမာန်တော် အတွင်းအရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။ ၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့၊ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်။
အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်
၇ အိုထာဝရဘုရား အကျွန်ုပ် အော်ဟစ်သော အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။ ၈ ငါ၏ မျက်နှာကို ရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား ကိုယ်တော်၏ မျက်နှာကိုရှာပါမည်။ ၉ အကျွန်ုပ်ကို မျက်နှာ လွှဲတော်မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ကျွန်ကို ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော် မမူပါနှင့်။
မိဘတို့သည် စွန့်သော်လည်း ဘုရားကမစွန့်
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း၊
(a) ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန် သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့်၊ ညှဉ်းဆဲခြင်းငှါ ပြင်းစွာ အသက်ရှုသော သူတို့သည်၊ အကျွန်ုပ်တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်၊ ဟုယုံမှတ်စွဲလမ်းခြင်းရှိ၏။
၁၄ ထာဝရဘုရားကို မြော်လင့်လော့၊ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့်လျက်နေလော့။
_________________________
Footnotes
(a) မိဘများက စွန့်သော်လည်း ဘုရားသခင်က လက်ခံတော်မူမည်။ သခင်ယေရှုက ငါ့ထက်မိဘ ကိုချစ်သောသူသည် ငါနှင့် မထိုက်တန်၊ ဟုဆိုသည် (မဿဲ ၁၀း၃ရ)။