ဆာလံကျမ်း
အခန်းကြီး ၂၁
ကယ်တင်ခြင်းအတွက် ဒါဝိဒ်၏ဆာလံ
၁ အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင် တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ ၂ သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလို ရှိသည်အတိုင်း ပေးသနားတော်မူပြီ။ ၃ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။ ၄ သူသည် အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ ထာဝရအသက်ကို ပေးသနားတော်မူပြီ။ ၅ ကယ်တင် တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုး အာနုဘော်ကိုခံရပါ၏။ ၆ ကိုယ်တော်သည် သူ့ကို ထာဝရ မင်္ဂလာအရာ၌ ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန် ဝမ်းမြောက်စေတော်မူ၏။ ၇ အကြောင်းမူကား မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍၊ အမြင့်ဆုံးသော ဘုရား၏ ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။ ၈ ကိုယ်တော်၏ လက်သည် ရန်သူအပေါင်းတို့ကို တွေ့၍၊ ကိုယ်တော်ကို မုန်းသောသူတို့ကို လက်ျာလက်တော်သည် တွေ့တော်မူမည်။ ၉ အမျက်တော်ထွက်သော ကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍ မီးသည်လည်း လောင်စားပါလိမ့်မည်။ ၁၀ သူတို့အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း၍ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူမည်။ ၁၁ အကြောင်းမူကား ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်း သောပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက်ကြပါ။ ၁၂ ထို့ကြောင့် သူတို့မျက်နှာတဘက်၌ လေးမြှားတော်တို့ ရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။ ၁၃ အိုထာဝရဘုရား ကိုယ်တော်သည် အစွမ်းတန်ခိုးအားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာ သီချင်းဆိုကြပါမည်။