-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၈



ထာဝရဘုရား၏ကျွန် ဒါဝိဒ်သည် ရှောလုမင်းမှစ၍၊ ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကိုခံရသောအခါ ထာဝရဘုရား ရှေ့တော်၌ မြွက်ဆိုသော သီချင်းစကားဟူမူကား။ [A]

အိုထာဝရဘုရား၊ အ​ကျွန်ုပ်၏ ခွန်အားဗလတည်းဟူသော ကိုယ်တော်ကို အ​ကျွန်ုပ်ချစ်ပါ၏။ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သော သခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကို ကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်ဖြစ်တော်မူ၏။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့်၊ ငါကြောက်လန့်ရ၏။ မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက်ရှိ၏။ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားခေါ်၍ ငါ၏ ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှ ကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ ထိုအခါ အမျက်တော် ထွက်သောအားဖြင့်၊ မြေကြီးတုန်လှုပ်၍ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။ နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။ မိုးကောင်းကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍၊ ​ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ ၁၀ ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ လျှင်မြန်စွာ ပျံတော်မူ၏။ ၁၁ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက်သောရေနှင့် ထူထပ်သော မိုးတိမ်တို့သည်၊ ကိုယ်တော်ကို ကာရံလျက်ရှိကြ၏။ ၁၂ ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုးသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။ ၁၃ ထာဝရဘုရားသည်လည်း ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ ၁၄ လေးမြှားတော်တို့ကို ပစ်၍၊ လျှပ်စစ်ပြက်စေသဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ ၁၅ ထိုအခါ အိုထာဝရဘုရား ကိုယ်တော်သည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက် ရှုတော်မူသောအားဖြင့်၊ သမုဒ္ဒ​ရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ပွင့်လစ် ထင်ပေါ်လျက် ရှိကြ၏။ ၁၆ ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။ ၁၇ ငါ့ကို မုန်းသောသူ တည်းဟူသော၊ ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ ၁၈ ဘေးဥပဒ် ရောက်သောကာလ၌ သူတို့သည်ဆီးတား သော်လည်း၊ ထာဝရဘုရားသည် ငါမှီရာဖြစ်၍ ၁၉ င့ါကို ကျယ်ဝန်းရာ အရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။


ဖြောင့်မတ်ခြင်းအကျိုးပေး

၂၀ ငါ​ဖြောင့်မတ်ခြင်းရှိသည် အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍ ငါ့လက် စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။ ၂၁ အကြောင်းမူကား ငါသည် ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ ဘုရားသခင်ထံမှ ပြစ်မှား၍မသွား။ ၂၂ စီရင်တော်မူချက် ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့ တော်တို့ကိုမပယ်၊ ၂၃ ရှေ့တော်မှာ ဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။ ၂၄ ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသော ငါ၏ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်း ရှိသည်နှင့် အလျှောက် ထာဝရဘုရားသည်၊ ငါ၏အကျိုးကို ပေးတော်မူပြီ။ ၂၅ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်း သဘောကို၎င်း၊ ​ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊ ၂၆ သန့်ရှင်းသောသူအား သန့်ရှင်းသော သဘောကို၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို၎င်း ပြတော်မူ၏။ ၂၇ နှိမ့်ချလျက် ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏။


ထာ၀ရဘုရားမှတပါး အဘယ်ဘုရားရှိသနည်း

၂၈ အိုထာဝရဘုရား ကိုယ်တော်သည် အ​ကျွန်ုပ်၏ မီးခွက်ကိုထွန်း၍၊ အ​ကျွန်ုပ်၏ ဘုရားသခင်သည် အ​ကျွန်ုပ်၏ မှောင်မိုက်ခြင်းကို လင်းစေတော်မူ၏၊ ၂၉ အ​ကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍ တပ်ကိုဖျက်ပါပြီ။ အ​ကျွန်ုပ်၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကိုကျော်၍ ဝင်ပါပြီ။ ၃၀ ဘုရားသခင် စီရင်တော်မူသော အမှုသည်စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော လူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ ၃၁ ထာဝရဘုရားမှတပါး အဘယ် ဘုရားသခင်ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။ ၃၂ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့်စည်း၍၊ ငါသွားရာလမ်းကို​ ဖြောင့်စေတော်မူ၏။ ၃၃ ငါ့​ခြေကို သမင်​ခြေကဲ့သို့ လျှင်မြန်စေတော်မူ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ င့ါကိုတင်ထားတော်မူ၏။ ၃၄ ငါ့လက်ကိုစစ်မူ၌ လေ့ကျက်စေခြင်းငှါ သွန်သင်တော်မူ၍၊ ​ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။


ထာ၀ရဘုရားသည် အကျွန်ုပ်ကို မစတော်မူ၏

၃၅ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကို အပ်၍၊ လကျ်ာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အ​ကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ ၃၆ အ​ကျွန်ုပ် သွားသောလမ်းကို ရှင်းလင်း၍၊ ​ခြေမချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၃၇ အ​ကျွန်ုပ်သည် ရန်သူတို့ကိုလိုက်၍ မှီသဖြင့် သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။ ၃၈ သူတို့သည် အ​ကျွန်ုပ်​ခြေအောက်မှာ လဲလျက်ရှိ၍၊ မထနိုင်အောင် အ​ကျွန်ုပ်သည် နှိပ်နှင်းပါ၏။ ၃၉ အကြောင်းမူကား စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အ​ကျွန်ုပ်တဘက်၌ ထသောသူတို့ကို အ​ကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ ၄၀ အ​ကျွန်ုပ်ကို မုန်းသော ရန်သူတို့၏ လည်ပင်းကို အ​ကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏။၄၁ သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သောသူမရှိ၊ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ ၄၂ ထိုအခါ အ​ကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌ အမှိုက်ကဲ့သို့ သွန်ပစ်လေ၏။ ၄၃ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အ​ကျွန်ုပ်ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌ ခန့်ထားတော်မူသောအားဖြင့် အ​ကျွန်ုပ်မသိဘူးသော လူစုသည် အ​ကျွန်ုပ်ထံ၌ ​ကျွန်ခံပါ၏။ ၄၄ အ​ကျွန်ုပ် စကားသံကို ကြားသည် ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အ​ကျွန်ုပ်ကို တောင်းပန်ကြပါ၏။ ၄၅ ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။ ၄၆ ထာဝရဘုရားသည် အသက်ရှင် တော်မူသည်ဖြစ်၍၊ ငါ၏ ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ ၄၇ ငါ့ဘက်၌ တရားသဖြင့် စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ၄၈ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အ​ကျွန်ုပ်တဘက်၌ ထသောသူ တို့အပေါ်သို့ ကိုယ်တော်သည် အ​ကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်မှ ကယ်လွှတ်တော်မူ၏။ ၄၉ ထိုကြောင့် အိုထာဝရဘုရား အ​ကျွန်ုပ်သည် တပါးအမျိုးသားတို့တွင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်။ ၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူသည်။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှစ၍၊ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.