ဆာလံကျမ်း
အခန်းကြီး ၁၄၉
ထာ၀ရဘုရားကို ချီးမွမ်းကြလော့
၁ ထာဝရ ဘုရားရှေ့တော်၌ အသစ်သော သီချင်းကိုဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ၂ ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသော ဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန်သားတို့သည် မိမိတို့ ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ။ ၃ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ။ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာ သီချင်းဆိုကြစေ။ ၄ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေ တင့်တယ်စေတော်မူ၏။ ၅ သန့်ရှင်းသောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ ၆ တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ ၇ သူတို့၏ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ၈ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ။ ၉ ထာဝရဘုရား၏ သန့်ရှင်းသောသူ အပေါင်းတို့သည် ထိုသို့သောဘုန်းနှင့် ဆိုင်ကြ၏။ ဟာလေလုယ။