ဆာလံကျမ်း
အခန်းကြီး ၁၄၈
ကောင်ကင်တမန်များမှစ၍ ထာဝရဘုရားကို ချီးမွမ်းကြလော့
၁ ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။ ၂ ကောင်းကင်တမန် အပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ ချီးမွမ်းကြလော့။ ၃ နေလတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့ ချီးမွမ်းကြလော့။ ၄ ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့ ချီးမွမ်းကြလော့။ ၅ ထိုအရာတို့ကို အမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူသောကြောင့် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ ၆ ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍ မပျက်ရသော ဓမ္မတာကို စီရင်တော်မူ၏။ ၇ မြေကြီး၌ ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊ ၈ မိုးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊ ၉ တောင်ကြီး တောင်ငယ်ရှိသမျှ အသီးကို သီးသောအပင်၊ အာရဇ်ပင်ရှိသမျှ၊ ၁၀ သားရဲနှင့်သားယဉ်အပေါင်း တွားတတ်သော တိရစ္ဆာန်နှင့် ပျံတတ်သောဌက် အစရှိသော၊ ၁၁ လောကီ ရှင်ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်း၊ မင်းများနှင့် လောကီ တရားသူကြီးအပေါင်း ၁၂ လူပျိုနှင့် အပျိုများ၊ လူအိုနှင့်လူကလေးများတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ၁၃ နာမတော် တပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင် ပေါ်ထက်၌ ရှိသောကြောင့် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ ၁၄ မိမိလူစုတို့၏ ဦးချိုကို ချီးမြှင့်တော်မူသဖြင့် အနီးတော်၌ ရှိသောလူစု၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူ အပေါင်းတို့၏ ချီးမွမ်းရာ ဖြစ်တော်မူ၏။ ဟာလေလုယ။