ဆာလံကျမ်း
အခန်းကြီး ၁၄၀
၁ အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာ စောင့်မတော်မူပါ။ ၂ ထိုသူတို့သည် နှလုံးထဲမှာ မကောင်းသော အကြံအစီရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။ ၃ သူတို့သည် မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ်ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက် ရှိပါ၏။ [A] ၄ အိုထာဝရဘုရား၊ မတရားသောသူ၏ လက်မှ အကျွန်ုပ်ကို ကွယ်ကာ စောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာ စောင့်မတော်မူပါ။ သူတို့သည်အကျွန်ုပ်ကို လှဲခြင်းငှါ ကြံစည်ကြပါ၏။ ၅ မာနကြီးသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ် သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကို ထားကြပါ၏။ ၆ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏၊ ဟုထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ် ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ ၇ အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်း အစွမ်းသတ္တိ ဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ်၏ ဦးခေါင်းကို ဖုံးအုပ်တော်မူ၏။
၈ အိုထာဝရဘုရား၊ မတရားသောသူ၏ အလိုပြည့်စုံရသော အခွင့်သူ၏ အကြံထမြောက်ရသော အခွင့်ရှိစေတော် မမူပါနှင့်။ ၉ ထိုသို့သောသူတို့သည် အကျွန်ုပ် ပတ်လည်၌ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော်။ ၁၀ မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ပါစေသော်။ မီးထဲသို့၎င်း၊ နက်သောတွင်းထဲသို့၎င်း၊ ကျကြပါစေသော်။ တဖန် မထကြပါစေနှင့်။ ၁၁ ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲပါစေနှင့်။ ကြမ်းတမ်းသော သူကိုလည်း ဖျက်ဆီးသည် တိုင်အောင် ဘေးဥပဒ်သည် လိုက်ပါစေသော်။ ၁၂ ထာဝရဘုရားသည် ဆင်းရဲသောသူ၏ အမှုကိုစောင့်၍ ငတ်မွတ်သော သူဘက်၌ တရားစီရင် တော်မူမည်၊ ဟုငါသိ၏။ ၁၃ အကယ်စင်စစ် တရားသောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘော ဖြောင့်သောသူတို့သည် အထံတော်၌ နေရကြပါလိမ့်မည်။