ဆာလံကျမ်း
အခန်းကြီး ၁၃၇
ဗာဗုလုန်မှ ဇိအုန်သီချင်းမဆိုချင်
၁ ဗာဗုလုန် မြစ်တို့အနားမှာ ငါတို့သည် ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။ ၂ ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။ ၃ အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဖမ်းသွား ချုပ်ထားသောသူနှင့်၊ ငါတို့ကို ညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့၊ ဟုသီချင်းဆိုသံကို၎င်း၊ ရွှင်လန်းသော အသံကို၎င်း၊ ငါတို့၌ တောင်းကြပါသည်တကား။ ၄ တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို ဆိုရပါမည်နည်း။ ၅ အိုယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါလကျ်ာလက်သည် မိမိအတတ်ကို မေ့ပါစေ။ ၆ သင့်ကို ငါမအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်း အကြောင်းထက်၊ ယေရုရှလင် မြို့ကို အမြတ်မထားလျှင်၊ ငါလျှာသည် အာခေါင်၌ ကပ်ပါစေ။ ၇ အိုထာဝရဘုရား၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန် ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြ၊ ဟုဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ၊ ၈ ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ ပြုသည့်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။ ၉ သင်၏ သူငယ်တို့ကို ကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သောသူသည် မင်္ဂလာရှိ၏။