ဆာလံကျမ်း
အခန်းကြီး ၁၃၂
ဒါဝိဒ်၏ အဓိဌာန်ပြုချက်
၁ အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှသော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။ ၂ ထိုမင်းက၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာ အရပ်ကို အကျွန်ုပ်သည် မတွေ့မှီတိုင်အောင်၊ ၃ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့ မတက်၊ ၄ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ် ရမည့်အခွင့်ကို မပေးပါ၊ ဟု၅ ယာကုပ် အမျိုးကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ထံကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။ ၆ တဲတော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။ ၇ ဘုံဗိမာန်တော်သို့ဝင်၍၊ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ် ကိုးကွယ်ကြ ကုန်အံ့။ ၈ အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ပဋိညာဉ်သေတ္တာနှင့် တကွ တက်တော်မူပါ။
ဒါဝိဒ်ဓိဌာန်ကျိန်ဆိုသောအရာ
၉ ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော်။ ၁၀ ကိုယ်တော်၏ကျွန် ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ် တော်မမူပါနှင့်။ ၁၁ ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆိုခြင်းကိုပြု၍၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား၊ သင်၏အမျိုးအနွယ်ကို သင်၏ ပလ္လင်ပေါ်မှာ ငါတင်မည်။ ၁၂ သင်၏သားတို့သည် ငါ့ပဋိညာဉ် တရားကို၎င်း၊ ငါသွန်သင်သော သက်သေခံချက်ကို၎င်း၊ စောင့်ရှောက်လျှင်၊ သူတို့၏ သားများသည်လည်း သင်၏ပလ္လင်ပေါ်မှာ အစဉ်အမြဲ ထိုင်ရကြလိမ့်မည်၊ ဟုဗျာဒိတ်ထားတော်မူပြီ။
ထာ၀ရဘုရား ယေရုရှလင်မြို့မှာ ကျိန်းဝပ်မည်
၁၃ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက်၍၊ အမြဲနေတော်မူရာဘို့ အလိုတော်ရှိသည့်အရာမှာ၊ ၁၄ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း။ ငါအလိုရှိသည်ဖြစ်၍၊ ဤမြို့၌ ငါနေမည်။ ၁၅ သူ၏ အစာအဟာရကို အထူးသဖြင့် ကောင်းကြီးပေးမည်။ သူ၌ ဆင်းရဲသားတို့ကို ဝစွာကျွေးမည်။ ၁၆ သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့်၊ သူ၌ သန့်ရှင်းသူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။ ၁၇ ထိုမြို့၌ ဒါဝိဒ်၏ ဦးချိုကို ငါပေါက်စေမည်။ ငါ့ထံ၌ ဘိသိက်ခံသောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ။ ၁၈ ထိုအရှင်၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည်။ သူ၏ ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်၊ ဟုဗျာဒိတ်တော်ရှိ၏။