ဆာလံကျမ်း
အခန်းကြီး ၁၃၀
ထာ၀ရဘုရားကို မြော်လင့်လျက်နေ
၁ အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ ၂ အိုထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံကို နားညောင်းတော်မူပါ။ ၃ အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက် အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ ၄ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ်လွှတ်ခြင်း အခွင့်ကို ပိုင်တော်မူ၏။ ၅ ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။ ၆ နံနက်ကို မြော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ၏။ ၇ ဣသရေလ အမျိုးသည် ထာဝရဘုရားကို မြော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာရှိ၏။ များစွာသော ရွေးနှုတ်ခြင်း ကျေးဇူးရှိ၏။ ၈ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့အထဲက ရွေးနှုတ်တော်မူလိမ့်မည်။