ဆာလံကျမ်း
အခန်းကြီး ၁၀၈
ထာ၀ရဘုရားကို ချီးမွမ်းပါမည်
၁ အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည်ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။ ၂ တယောနှင့် စောင်းတို့ နိုးကြလော့။ ငါလည်း စောစောနိုးမည်။ ၃ အိုထာဝရဘုရား ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာ သီချင်းကို ဆိုပါမည်။ ၄ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုးတိမ်သို့၎င်း မှီပါ၏။ ၅ အိုဘုရားသခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံးကို ဘုန်းတော် လွှမ်းမိုးပါစေသတည်း။ ၆ ချစ်တော်မူသောသူတို့သည် ချမ်းသာရမည် အကြောင်း အကျွန်ုပ် စကားကို နားထောင်၍ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
တိုင်းနိုင်ငံများနှင့် ပတ်သက်၍
၇ သန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ် ထားတော်မူသောကြောင့် ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းတွာမည်။ ၈ ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏၊ ဧဖရိပ်ပြည်ကား ငါဦးခေါင်း၏ အစွမ်းဖြစ်ရ၏။ ယုဒပြည်ကား ငါ၏ လွှတ်တော်ဖြစ်ရ၏။ ၉ မောဘပြည်ကား ငါရေချိုးအိုးဖြစ်ရ၏၊ ဧဒုံ ပြည်ကား ငါခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။ ၁၀ အားကြီးသော မြို့ထဲသို့ ငါ့ကိုအဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ငါ့ကို အဘယ်သူ လမ်းပြမည်နည်း။ ၁၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ အိုဘုရားသခင် အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။ ၁၂ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။ ၁၃ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။