-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀၆


ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော် ချီးမွမ်းကြလော့

ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရား၏ တန်ခိုးကြီးခြင်း အရာတော်တို့ကို အဘယ်သူ ပြောနိုင်သနည်း။ ဂုဏ်ကျေးဇူးတော်တို့ကို အဘယ်သူသည် အကုန်အစင် ဖေါ်ပြနိုင်သနည်း။ ခပ်သိမ်းသောအခါတို့၌ တရားကို စောင့်ရှောက်၍၊ ​ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။


အကျွန်ုပ်ကိုအောက်မေ့တော်မူပါ

အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် ရွေးကောက်တော်မူသော သူတို့၏ ကောင်းကျိုးကို မြင်စေခြင်းငှါ၎င်း၊ ကိုယ်တော်၏ လူမျိုး ဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ၎င်း၊ ကိုယ်တော် ၏ လူတို့ခံရသော စေတနာတော်နှင့်တကွ၊ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အ​ကျွန်ုပ်ကို အကြည့်အရှု ကြွလာ၍ ကယ်တင်တော်မူပါ။


ဘိုးဘေးတို့နှင့်အတူ မှားကြပါပြီ

အ​ကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရားသောအမှုကို ပြုကြပါပြီ။ အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာသော ကရုဏာတော်တို့ကို မအောက်မေ့ကြ။ ပင်လယ်နား၊ ပင်လယ်နီနားမှာ ပုန်ကန်ကြပါ၏။


နာမတော်ကြောင့် ကယ်တင်

သို့သော်လည်း၊ မဟာတန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ၊ နာမတော်၏ အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။ ပင်လယ်နီကို ဆုံးမတော်မူ၍၊ ပင်လယ်ရေသည် ခန်း​ခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။ ၁၀ မုန်းသောသူ၏ လက်မှသူတို့ကို ကယ်တင်၍၊ ရန်သူ၏လက်မှ ရွေးနှုတ်တော်မူ၏။ ၁၁ ရန်သူ တစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ၊ ရေသည် လွှမ်းမိုးလေ၏။ ၁၂ ထိုအခါ စကားတော်ကို ယုံ၍ ဂုဏ်ကျေးဇူးတော်ကို သီချင်းဆိုကြ၏။


ဘုရားကို စုံစမ်းကြ

၁၃ သို့သော်လည်း၊ အမှုတော်ကို အလျှင်အမြန် မေ့လျော့သည်ဖြစ်၍၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊ ၁၄ တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာ အရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။ ၁၅ သူတို့တောင်းသောဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။


မြေကြီးကွဲမြေမျိုခံ

၁၆ ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။၁၇ မြေကြီးသည် ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။ ၁၈ သူတို့ အသင်းအဝင်ထဲမှာ မီးရှို့၍၊ မတရားသော သူတို့ကို လောင်လေ၏။


နွားရုပ်တု ကိုးကွယ်ကြ

၁၉ သူတို့သည် ဟောရပ် တောင်နားမှာ နွားသငယ်ကိုလုပ်၍၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ် ကိုးကွယ်ကြ၏။ ၂၀ သူတို့၏ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ ပုံသဏ္ဍာန်ကို ယူကြ၏။ ၂၁ အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကို၎င်း၊ ၂၂ ဟာမအမျိုး နေရာပြည်၌ အံဘွယ်သော အမှုတို့ကို၎င်း၊ ပင်လယ်နီနားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ ၂၃ ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှါ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်၊ ဟုအကြံရှိတော်မူ၏။


တော်၌ လှဲခြင်းခံ

၂၄ ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသော ပြည်ကို မထီမဲ့မြင်ပြုကြ၏။ [A] ၂၅ မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲ နေကြ၏။ ၂၆ ထို့ကြောင့် သူတို့ကိုတော၌ လှဲခြင်းငှါ၎င်း၊ ၂၇ သူတို့ အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည် အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။


ဗာလပေဂုရဘုရားကိုးကွယ်

၂၈ ထိုသူတို့သည် ဗာလပေဂုရ ဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သော ယဇ်ကောင်ကိုစားကြ၏။ ၂၉ ထိုသို့ မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည် သူတို့ကို လုယက်လေ၏။ ၃၀ ထိုအခါ ဖိနဟတ်သည် ထ၍တရား စီရင်သဖြင့်၊ ကာလနာသည် ငြိမ်းလေ၏။ ၃၁ ထိုအမှုကိုသူ၏​ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုး အဆက်ဆက် တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။


မေရိဘရေနားမှာ အမျက်နှိုးဆော်

၃၂ တဖန် မေရိဘ ရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ၌ အမင်္ဂလာ ဖြစ်လေ၏။ ၃၃ သူ၏စိတ်ကို ချုပ်ချယ် နှောင့်ယှက်ကြသဖြင့်၊ သူသည် အမှတ်တမဲ့ မြွက်ဆို၏။ ၃၄ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း မပြု။ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။ ၃၅ သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။ ၃၆ သူတို့၏ ရုပ်တုများကို ဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။ ၃၇ ကိုယ့်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ်ပူဇော်ကြ၏။ ၃၈ ထို့သို့အပြစ်မရှိသော သူတို့၏အသွေး၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့အသွေးကို သွန်ကြ၍ ထိုမြေသည် အသွေးနှင့် ညစ်ညူးလေ၏။ ၃၉ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။


တပါးအမျိုးသားတို့ကအုပ်စိုး

၄၀ ထို့ကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံ့ရှာတော်မူ၏။ ၄၁ သူတို့ကို တပါးအမျိုးသား တို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။ ၄၂ ရန်သူတို့သည် ညှဉ်းဆဲ၍၊ သူတို့ သည် ရန်သူတို့အောက်မှာ နှိမ့်ချခြင်းကို ခံကြရ၏။ ၄၃ သူတို့ကို ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူသော်လည်း၊ ပုန်ကန်သော အကြံကိုသာကြံ၍ မိမိတို့ ဒုစရိုက်အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံကြရ၏။


ဆင်းရဲဒုက္ခကို ကြည့်ရှု

၄၄ တဖန် သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် သူတို့၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊ ၄၅ ဝန်ခံခြင်း ကတိတော်ကို သူတို့အဖို့ အောက်မေ့၍၊ ကရုဏာတော် များပြားသည့်အတိုင်း၊ နောင်တရတော်မူ၏။ ၄၆ သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်းတို့သည် သနားရကြမည်အကြောင်း ပြုတော်မူ၏။ ၄၇ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ သန့်ရှင်းသော နာမတော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါဘိ၊ ဟုအ​ကျွန်ုပ်တို့သည် ဝန်ခံ၍၊ ကိုယ်တော်ကို ချီးမွမ်းခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း၊ အ​ကျွန်ုပ်တို့ကို ကယ်တင်လျက်၊ တပါး အမျိုးသားတို့အထဲက နှုတ်ယူ၍ စုသိမ်းတော်မူပါ။ ၄၈ ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာ ရှိတော်မူစေသတည်း။ လူခပ်သိမ်းတို့သည် အာမင်၊ ဟုဝန်ခံကြစေ။ ဟာလေလုယ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.