ယောဘ၀တ္ထု
အခန်းကြီး ၉
ယောဘက ဘုရားသခင်ကို အဘယ်သူမျှ မဆန်နိုင်
၁ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ မှန်ပါ၏။ ထိုစကား မှန်ကြောင်းကို ငါသိ၏။ ၂ သို့သော်လည်း လူသည် ဘုရားသခင့် ရှေ့တော်၌ အဘယ်သို့ ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။ ၃ ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည် အပြစ်တထောင်တွင် တခုကိုမျှ မဖြေနိုင်။ ၄ ဘုရားသခင်သည် ထူးဆန်းသောဥာဏ်၊ ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍ အောင်နိုင်သနည်း။
၅ ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။ ၆ မြေကြီးကို ရွှေ့စေခြင်းငှါ တွန်းတော်မူ၍ မြေတိုင်တို့သည် တုန်လှုပ်ကြ၏။ ၇ နေကို မှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ ၈ မိုးကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာ လှိုင်းတံပိုးကို နင်းတော်မူ၏။ ၉ အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူသည်။ ၁၀ စစ်၍ မသိနိုင်အောင် အလွန်ကြီးသော အမှု၊ မရေတွက်နိုင်အောင် များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ ၁၁ ငါ့ရှေ့မှာ ကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။ ၁၂ သိမ်းယူတော်မူသောအခါ အဘယ်သူသည် တားဆီးနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်းဟု အဘယ်သူ ဆိုဝံ့သနည်း။ ၁၃ ဘုရားသခင်သည် အမျက်ပြေတော် မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကိုခံရမည်။ ၁၄ ထိုမျှမက ငါသည် အဘယ်သို့ ပြန်လျှောက်ရမည်နည်း။ ရှေ့တော်၌ အဘယ်သို့သော စကားကို ရွေး၍ လျှောက်ရအံ့နည်း။ ၁၅ ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျောက်ဝံ့ဘဲ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာ ပြုရ၏။ ၁၆ ငါခေါ်၍အရှင်သည် ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။ ၁၇ အကြောင်းမူကား မိုးသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌ အနာတို့ကို များပြားစေသော်မူ၏။ ၁၈ ငါကို အသက်ရှုရသော အခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံစေတော်မူ၏။ ၁၉ တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီး တော်မူ၏။ တရားကို အမှီပြုမည်ဆိုပြန်သော် အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
၂၀ ကိုယ်အပြစ်ကို ပြေစေခြင်းငှါ ပြုလျှင် ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည်စုံလင်ပြီဟု ဆိုပြန်လျှင် ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။ ၂၁ တဖန် စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
၂၂ ငါပြောအံ့သော စကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူ တို့ကို၎င်း၊ ဆိုးညစ်သောသူ တို့ကို၎င်း၊ ဖျက်ဆီးတော်မူတတ်၏။ ၂၃ ချက်ချင်း ဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူ ခံရသည်အကြောင်းကို ရယ်တော်မူ၏။ ၂၄ မြေကြီးကို လူဆိုးလက်၌ အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကား အဘယ်သူနည်း။
၂၅ တမြို့မှတမြို့သို့ စာပို့သော လုလင်ထက်၊ ငါ့နေ့ရက်တို့သည် လျှင်မြန်၍ ကောင်းကျိုးကိုမခံရဘဲ ပြေးတတ်ကြ၏။ ၂၆ လျှင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော လင်းယုန်ကဲ့သို့၎င်း၊ လွန်သွားတတ်ကြ၏။ ၂၇ ငါသည် မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသော မျက်နှာကို ဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊ ၂၈ ငါခံရသော ဒုက္ခဝေဒနာ များသောကြောင့်၊ ကြောက်သော သဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌ စီရင်တော်မမူကြောင်းကို ငါသိ၏။ ၂၉ ငါသည် အပြစ် သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။ ၃၀ ငါ့ကိုယ်ကို မိုးပွင့်ရေနှင့် ဆေး၍၊ ငါ့လက်ကို ရှင်းရှင်း စင်ကြယ်စေသော်လည်း၊ ၃၁ ရွှံ့ထဲသို့ တွန်းချတော်မူ၍ ငါ့အဝတ်ပင် ငါ့ကိုယ်ကို ရွံ့လိမ့်မည်။ ၃၂ ငါသည် ဘုရားသခင်၏ စကားကို တဦးနှင့်တဦး တရားတွေ့ နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။ ၃၃ ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေအမှုစောင့်မရှိ။ ၃၄ ငါ့ကို ဒဏ်ခတ်တော် မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။ ၃၅ သို့ဖြစ်လျှင် ငါ့သည် မကြောက်ဘဲ ပြောရသောအခွင့်ရှိလိမ့်မည်။ ယခုမူကား ပြောရသောအခွင့်ကို မရ။