ယောဘ၀တ္ထု
အခန်းကြီး ၆
ယောဘ ဒုက္ခခံသောအရာများ
၁ တဖန် ယောဘ မြွက်ဆိုသည်ကား၊ ငါဝမ်းနည်းခြင်း အကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ၂ ငါခံရသော ဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။ ၃ သို့ဖြစ်လျှင် သမုဒ္ဒရာ သဲထက်သာ၍ လေးလိမ့်မည်။ ထို့ကြောင့် ငါ့စကားလွန်မိပြီ။ ၄ အနန္တ တန်ခိုးရှင် ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင် ပြတော်မူသော ကြောက်မက်ဘွယ်အရာ တို့သည်၊ ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ ၅ တောမြည်းသည် မြက်ပင်ပေါသောအခါ၊ မြည်တတ်သလော။ နွားသည် စားစရာရှိသောအခါ၊ အော်တတ်သလော။ ၆ မမြိန်သောအရာကို ဆားမပါဘဲ စားနိုင်သလော။ ကြက်ဥ အကာသည် ဆိမ့်သော အရသာရှိသလော။ ၇ လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သော အရာကို ရွံလျက်နှင့် ငါစားရ၏။
ယောဘ သေချင်
၈ ငါတောင်းသော အရာကိုရပါစေ။ ငါတောင့်တသော အရာကို ဘုရားသခင် ပေးသနားတော်မူပါစေ။ ၉ တောင့်တသော အရာဟူမူကား။ ဘုရားသခင်သည် ငါ့ကို ဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကို ဆုံးစေတော်မူပါစေ။ ၁၀ ထိုသို့ဖြစ်လျှင် ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကို နှမြောတော် မမူပါစေနှင့်၊ သန့်ရှင်းတော်မူသော သူ၏ စကားတော်ကို ငါမငြင်းမဆန်ပြီ။ ၁၁ ငါမြော်လင့်စရာအခွင့် ရှိရမည်အကြောင်း၊ ငါ့ခွန်အားကား အဘယ်သို့နည်း။ ငါသည် ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ ၁၂ ငါ့ခွန်အားသည် ကျောက်ခွန်အား ဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။ ၁၃ ငါသည် ကိုယ့်ကိုမမစနိုင်။ ငါ့ဥာဏ်လည်း ကုန်ပြီ။
ယောဘက အဆွေခင်ပွန်းတို့ကို အပြစ်တင်
၁၄ ဆင်းရဲခြင်းသို့ ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တ တန်ခိုးရှင်ကို ကြောက်ရွံ့သော သဘောနှင့် ကင်းလွတ်၏။ ၁၅ ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌ စီးသောရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။ ၁၆ ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုးပွင့်ကြောင့်၎င်း၊ ၁၇ အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်းခြောက်တတ်၏။ ၁၈ ထိုရေစီးသော ချောင်းတို့သည် လွဲသွား၍ တရွေ့ရွေ့ ကွယ်ပျောက်တတ်ကြ၏။ ၁၉ တေမန်အမျိုးသား အစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီး သွားသောသူ အစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏၊ ၂၀ မြော်လင့်၍ စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။ ၂၁ ထိုအတူ သင်တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကို မြင်လျှင်ဆုတ်၍ နေကြ၏။ ၂၂ ငါ့ထံသို့ လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲက ထုတ်၍ ငါ့ကိုပေးကြပါ။ ၂၃ ရန်သူလက်မှ ငါ့ကို ကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။ ၂၄ ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက် နေပါမည်။ ငါမှားသောအရာကို ငါ့အားဖေါ်ပြကြပါ။ ၂၅ မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ကဲ့ရဲ့သော စကားသည် အဘယ်မှာ နေရာကျသနည်း။ ၂၆ ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မြော်လင့်စရာ မရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။ ၂၇ အကယ်၍ သင်တို့သည် မိဘမရှိသော သူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။ ၂၈ ငါ့ကိုစိတ်မရှိဘဲ ကြည့်ရှုကြပါလော့။ သင်တို့ရှေ့မှာ ငါလှည့်စားသလော။ ၂၉ ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့် မပြုကြပါနှင့်။ ပြန်၍ ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည်ဖြောင့်မတ်ပါ၏။ ၃၀ ငါ့လျှာ၌ ကောက်သော သဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသော အရာကို ပိုင်းခြားမသိနိုင်သလော။