ယောဘ၀တ္ထု
အခန်းကြီး ၃၉
၁ သင်သည် တောဆိပ်မွေးရသော ကာလကို သိသလော။ သမင်ဒရယ်မ သားဖွားခြင်း ဝေဒနာခံရသောအချိန်ကို မှတ်နိုင်သလော။ ၂ ကိုယ်ဝန်ဆောင်ရသော နေ့လတို့ကို ရေတွက်၍ ဖွားရသောအချိန်ကာလကို သိသလော။ ၃ သူတို့သည် ကျောကိုင်း၍ သားငယ်ကိုမွေးဖွားသဖြင့် ဝေဒနာငြိမ်းကြ၏။ ၄ သားငယ်တို့သည် ကျန်းမာ၍ လွင်ပြင်၌ ကြီးပွားတတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ ပြန်မလာဘဲ နေတက်ကြ၏။ တောမြည်းကို အဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း။ ၅ တောမြင်း၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ ၆ တောကိုသူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကို သူ့နေရာဘို့၎င်း၊ ငါခန့်ထားပြီ။ ၇ မြို့၌ ဖြစ်သောလူတို့၏ အသံဗလံကိုသူသည် မထီမဲ့မြင် ပြုတတ်၏။ နှင်သောသူ အော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ ၈ တောင်ရိုး၌ ကျက်စား၍ စိမ်းသောအပင်အမျိုးမျိုးကို ရှာတတ်၏။
၉ ကြံ့သည်သင်၏အမှုကို ဆောင်ရွက်၍ သင်၏တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။ ၁၀ ကြံ့ကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့်ချည်နိုင်သလော။ သို့မဟုတ် သင့်နောက်သို့လိုက်၍ ချိုင့်၌ လယ်ထွန်လိမ့်မည်လော။ ၁၀ ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည်လော။ ၁၁ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။ ၁၂ သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
၁၃ ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။ ၁၄ သို့သော်လည်း မြေ၌ ဥ၍အဥတို့ကိုမြေမှုန့်၌ နွေးစေတတ်၏။ ၁၅ သူ့ခြေသည် အဥတို့ကို နင်းမိမည်။ သားရဲခွဲလိမ့်မည်ဟု မစိုးရိမ်။ ၁၆ သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဖွားခြင်းဝေဒနာကို အချည်းနှီးခံတတ်၏။ ၁၇ အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့စေခြင်းငှါ၊ ဖန်ဆင်းတော်မူ၏။ ဥာဏ်ကိုပေးတော်မမူ။ ၁၈ သို့သော်လည်း ကိုယ်ကိုချီကြွသောအခါ မြင်းနှင့် မြင်းစီးသောသူကို ပင်ရယ်တတ်၏။
၁၉ သင်သည့် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုးကြိုးလက္ခဏာကို သွင်းသလော။ ၂၀ ကျိုင်းကောင်ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏ နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။ ၂၁ လွင်ပြင်ကို ယက်၍ မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ်၏။ ၂၂ ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍ ကြောက်လန့်သော သဘောနှင့် ကင်းလွတ်သဖြင့် ဓါးဘေးကို မရှောင်တတ်။ ၂၃ သူ့တဘက်၌ မြှားတောင့်လှုပ်သံမြည်၍ လှံနှင့်ဒိုင်းလွှားသည် ပြောင်လက်လျက် ရှိ၏။ ၂၄ မာနကြီး၍ ပြင်းထန်သောစိတ်နှင့် မြေကိုမျိုတတ်၏။ တံပိုးသံကို ကြားသောအခါ ငြိမ်ဝပ်စွာ မနေနိုင်။ ၂၅ တံပိုးများအလယ်သို့ ရောက်၍အေ့ဟေ၊ အေ့ဟေဟု ဆိုတတ်၏။ ဗိုလ်ခြေအော်ဟစ်၍ အသံဗလံပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
၂၆ သင်ပေးသော ဥာဏ်အားဖြင့် သိမ်းဌက်သည် အတောင်ကိုဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ်သလော။ ၂၇ သင်စီရင်သောကြောင့် လင်းယုန်သည် အထက်သို့တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။ ၂၈ သူသည် ကျောက်ပေါ်မှာ နေ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ်၏။ ၂၉ ထိုအရပ်ကကြည့်၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။ ၃၀ သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။ အသေကောင် ရှိရာအရပ်၌ ထိုဌက်ရှိသည်ဟု မိန့်တော်မူ၏။