ယောဘ၀တ္ထု
အခန်းကြီး ၃၈
၁ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုးသက်မုန်းတိုင်းထဲက မိန့်တော်မူသည်ကား၊ ၂ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ်သူနည်း။ လူယောကျ်ားကဲ့သို့ သင့်ခါးကိုစီးလော့။ ၄ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖေါ်ပြလော့။ ၅ မြေကြီးအတိုင်း အရှည်ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်းချသနည်း။ ၆ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။ ၇ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက် သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်ထောင့် အထွဋ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ ၈ သမုဒ္ဒရာသည် အမိဝမ်းထဲကဖွား၍ ထွက်လာသောအခါ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။ ၉ သမုဒ္ဒရာကိုမိုးတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌ ၎င်း၊ ၁၀ သင်သည် ဤအရပ်တိုင်အောင် လာရ၏။ ၁၁ တိုး၍ မလွန်ရဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည် ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။ ၁၂ သင်သည် တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုးသောက်လင်းကို နေရာချဘူးသလော။ ၁၃ နံနက်အလင်းသည် မြေကြီးစွန်းကို ကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။ ၁၄ မြေကြီးသည် တံဆိပ် ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာ ဆင်သကဲ့သို့ ရှိ၏။ ၁၅ လူဆိုးတို့၏အလင်းသည် ကွယ်၍ ချီကြွသောလက်လည်း ကျိုးတတ်၏။ ၁၆ သင်သည် သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော။ ၁၇ သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ ဝင်သောလမ်းဝတို့ကို မြင်ဘူးသလော။ ၁၈ မြေကြီး မျက်နှာတပြင်လုံးကို ကြည့်ရှုဘူးသလော။ အလုံးစုံကိုသိမြင်လျှင် ဖေါ်ပြလော့။ ၁၉ အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။ ၂၀ အကယ်စင်စစ် သင်သည် အလင်း အမိုက်အပိုင်းအခြားသို့ ငါတို့ကို ပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။ ၂၁ သင်သည် ရှေးကာလ၌ ဖွားမြင်၍ အလွန်အသက်ကြီးသောကြောင့် သိလိမ့်မည်။
၂၂ သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူးသလော။ ၂၃ ဘေးရောက်ရာ အချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန် ကာလဘို့၊ ငါသိုထားသော မိုးသီးဘဏ္ဍာများကို မြင်ဘူးသလော။ ၂၄ အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။ ၂၅ လူမရှိသော မြေနှင့် လူမနေသောတော၌ မိုးရွာစေခြင်းငှါ၎င်း၊ ၂၆ လွတ်လပ်သော လွင်ပြင်ကိုရေနှင့်ဝစေ၍ ၂၇ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊ လျှံသောမိုးရေစီးရာလမ်း၊ မိုးကြိုးနှင့်ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူ ဖွင့်သနည်း။ ၂၈ မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူ ဖြစ်ဖွားစေသနည်း။ ၂၉ ရေခဲသည် အဘယ်သူ၏ ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင် နှင်းခဲကိုအဘယ်သူသည် ပဋိသန္ဓေပေးသနည်း။ ၃၀ ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာပြင် တင်းမာလျက်ရှိ၏။ ၃၁ သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကလိသကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ ၃၂ မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ်ဖော်နိုင်သလော။ အာရှကြယ်နှင့်သူတို့သားတို့ကို ပဲ့ပြင်နိုင်သလော ၃၃ မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည်အကြောင်း အခွင့်ပေးနိုင်သလော။ ၃၄ များစွာသော မိုးရေသည် သင့်ကို လွှမ်းမိုးစေခြင်းငှါ မိုးတိမ်တို့ကို အသံလွှင့်နိုင်သလော။ ၃၅ လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။ ၃၆ ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူ သွင်းသနည်း။ နားလည်နိုင်သော ဥာဏ်ကို အဘယ်သူပေးသနည်း။ ပညာရှိ၍ မိုးတိမ်တို့ကို အဘယ်သူ ရေတွက်နိုင်သနည်း။ ၃၇ မြေမှုန့်သည်လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ မိုးကောင်းကင်၏ ရေဘူးတို့ကို အဘယ်သူ သွန်းချသနည်း။
၃၉ သင်သည် ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ ၄၀ ခြင်္သေ့တို့သည် ခိုလှုံရာ၌ ဝပ်၍ ချုံဖုတ်အောက်၌ ချောင်းကြည့်လျက် နေသောအခါ သူတို့ကို ဝစွာကျွေးနိုင်သလော။ ၄၁ ကျီးအသငယ်တို့သည် စားစရာရှိသောကြောင့်၊ လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ စားစရာကို အဘယ်သူပေးသနည်း။