ယောဘ၀တ္ထု
အခန်းကြီး ၃၆
၁ တဖန် ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ၂ ငါ့ကို သည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြဦးမည်။ ဘုရားသခင်အဘို့ ပြောစရာ ရှိသေး၏။ ၃ ငါသည် ဝေးသောအရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည်။ ၄ အကယ်စင်စစ် မမှန်သောစကားကို ငါမပြော။ ပညာအတတ် စုံလင်သောသူသည် သင်၌ ရှိ၏။
၅ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဥာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။ ၆ မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသော သူတို့ဘက်၌ တရားစီရင်တော်မူ၏။ ၇ ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။ ၈ သူတို့သည် အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည်နှောင်ခြင်းကို ခံရလျှင်၊ ၉ သူတိုပြုမိသောအမှုနှင့် ပြစ်မှားလွန်းကျူးမိသော အပြစ်များတို့ကို ပြဖေါ်မူ၏။ ၁၀ ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍ ဒုစရိုက်ကို စွန့်စေရမည်အကြောင်း ပညတ်တော်မူ၏။ ၁၁ စကားကို နားထောင်၍ အမှုတော်ကို ဆောင်ရွက်လျှင်၊ စည်းစိမ်းချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်၊ လ၊ နေ့ရက်ကာလကို လွန်စေတတ်ကြ၏။ ၁၂ နားမထောင်လျှင် ဓါးဘေးနှင့်ဆုံး၍ ပညာအတတ်မရှိဘဲ သေတတ်ကြ၏။ ၁၃ အဓမ္မသဘောရှိသော သူတို့သည် အမျက်တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသောအခါ မအော်ဟစ်တတ်ကြ။ ၁၄ အသက်ငယ်စဉ်ကပင် သေ၍၊ ဆိုးညစ်သောသူတို့နှင့် အတူဆုံးတတ်ကြ၏။ ၁၅ အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကို ခံရသောအခါ နားထောင်စေခြင်းငှါ ပြုတော်မူ၏။ ၁၆ ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသော အရပ်မှ ကျယ်ဝန်းရှင်းလင်းသော အရပ်သို့ပြောင်းစေ၍၊ သင်၏စားပွဲပေါ်မှာ ကောင်းသောအရသာနှင့် ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။ ၁၇ သို့မဟုတ် မတရားသောသူကဲ့သို့ အပြစ်နှင့်ပြည့်စုံလျှင်၊ အပြစ်နှင့်ယှဉ်သောဒဏ်ကိုခံရမည်။ ၁၈ အမျက်တော် ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှ များသောအဘိုးကို ပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။ ၁၉ သင်၏ ဥစ္စာကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသောစည်းစိမ်ကို၎င်း၊ ပေးချင်သော်လည်း ပမာဏပြုတော်မမူ။ ၂၀ ညကိုမတောင့်တနှင့်။ ညအခါ လူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏၊ ၂၁ သတိပြုပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သောအမှုကို ဆင်းရဲခြင်းထက် သင်သည် အလိုရှိလေပြီတကား။
၂၂ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။ ၂၃ ကြွတော်မူရသော လမ်းကို အဘယ်သူစီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။ ၂၄ လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။ ၂၅ လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက ကြည့်ရှုတတ်ကြ၏။ ၂၆ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော် နှစ်ပေါင်းကိုစစ်၍ မကုန်နိုင်ကြ။ [A]၂၇ ရေကိုသုန်ဖျင်းစေ၍ အထက်သို့ ဆွဲယူတော်မူသဖြင့် ရေငွေ့ရှိသည် အတိုင်းမိုးရွာတတ်၏။ ၂၈ မိုးတိမ်မှ လူတို့အပေါ်သို့ မိုးပေါက်ကျ၍ များစွာသော မိုးရွာတတ်၏။ ၂၉ မိုးတိမ်တော်နှံ့ပြားခြင်း၊ တဲတော်အသံမြည်ခြင်းကို အဘယ်သူ နားလည်သနည်း။ ၃၀ တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသော အရပ်ကိုလည်း ဖုံးလွှမ်းတော်မူ၏၊ ၃၁ ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ၏။ ၃၂ အလင်းကို လက်တော်နှင့်ကွယ်ကာ၍ တဖန်ရန်သူရှိရာသို့ လွှတ်တော်မူ၏။ ၃၃ ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော် မရှိကြောင်းထင်ရှား၏။