ယောဘ၀တ္ထု
အခန်းကြီး ၃
ယောဘသည် မိမိဖွားသောနေ့ကို ကျိန်ဆဲ [A]
၁ ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍ မိမိဖွားသော နေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား၊ ၂ ငါဖွားသော နေ့ရက် ပျက်စီးပါစေ။ ၃ သားယောကျ်ားကို ပဋိသန္ဓေယူပြီဟု သိတင်း ကြားပြောသောညလည်း ပျက်စီးပါစေ။ ၄ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာ ပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊ ၅ မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုးတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။ ၆ ထိုညသည် မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်၊ ၇ လအရေအတွက်၌ မဝင်ပါစေနှင့်။ ထိုညသည် ဆိတ်ညံပါစေ၊ ရွှင်လန်းသော အသံ မရှိပါစေနှင့်။ ၈ နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သော သူတို့သည် ထိုညကို ကျိန်ဆဲပါစေ။ ၉ ညဦးယံ ကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကို တောင့်တ၍ မရပါစေနှင့်။ နံနက် မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား ၁၀ ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။
ယောဘသည် နို့တိုက်သောသူပင် အပြစ်တင်
၁၁ ငါသည် မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။ ၁၂ ငါ့ကို အဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက် ရသနည်း။ ၁၃ ထိုသို့မပြုလျှင် ငါသည် အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ ၁၄ မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ မှူးမတ်တို့နှင့်၎င်း၊ ၁၅ ရွှေကို ရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကို အပြည့်သိုထားသော မင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။ ၁၆ သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသော သူငယ်ကဲ့သို့ ငါပျက်စီးရပြီ။ ၁၇ ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ။ ပင်ပန်းသော သူတို့သည် ချမ်းသာရကြ၏။ ၁၈ အချုပ်ခံရသော သူတို့သည်လည်း အတူ ငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏ စကားသံကို မကြားရကြ။ ၁၉ ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။ ၂၀ ဒုက္ခဆင်းရဲ ခံရသောသူအား၊ အဘယ်ကြောင့် အလင်းကို ပေးသနည်း။ စိတ်နှလုံးခါးသောသူအား၊ အဘယ်ကြောင့် အသက်ကိုပေးသနည်း။ ၂၁ သူတို့သည် သေခြင်းကို တောင့်တ၍ မရနိုင်။ ဝှက်ထားသော ဥစ္စာကို ဖေါ်ခြင်းငှါ တူးသည်ထက် သေခြင်းအကြောင်းကို ဖေါ်ခြင်းငှါ သာ၍ တူးကြ၏။ ၂၂ သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။ ၂၃ မိမိသွားသော လမ်းကွယ် ပျောက်သောသူ၊ ဘုရားသခင် ဆီးကာ ချုပ်ထားသော သူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း။ ၂၄ အစာစားခြင်း အရာ၌ ငါညည်းတွားခြင်းရှိ၏။ ငါငိုကြွေး မြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။ ၂၅ ငါကြောက်သော အမှုသည် ငါ၌ ရောက်လာပြီ။ ငါအလွန်ကြောက်သော ဘေးသည် ငါ့ကိုတွေ့မိပြီ။ ၂၆ ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲ သက်သက်ရှိသည်ဟု မြွက်ဆိုလေ၏။