ယောဘ၀တ္ထု
အခန်းကြီး ၂၀
နေမတ်အမျိုးသား ဇောဖာ
၁ တဖန် နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊ ၂ ငါပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သော စိတ်အားကြီ၏။ ၃ ငါသည် ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကားကို ကြား၍၊ ငါ့ဥာဏ်သဘော နှိုးဆော်သဖြင့် ငါပြန်ပြောရ၏။
၄ ရှေ့ဦးစွာသော ကာလ၊ လူကိုမြေကြီးပေါ်မှာ နေရာချစ ကာလမှစ၍၊ ၅ ဆိုးသောသူသည် ကြာမြင့်စွာ ကာလ မဝါကြွားရကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာ ဝမ်းမြောက်ကြောင်းကို၎င်း၊ မသိသလော။ ၆ သူ၏ဘုန်းသည် မိုးပေါ်သို့တက်၍ သူ၏ခေါင်းသည် မိုးတိမ်တိုင်အောင် မှီသော်လည်း၊ ၇ မိမိမစင်ကဲ့သို့ အစဉ်ပျက် ရလိမ့်မည်။ သူ့ကိုမြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာ ရှိသနည်းဟု မေးကြလိမ့်မည်။ ၈ သူသည် အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန်မတွေ့ရ။ ညရူပါရုံကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။ ၉ သူ့ကို မြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကိုမကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက်တဖန် သူ့ကိုမမြင်ရ။ ၁၀ သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသော ဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။ ၁၁ သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့် ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။ ၁၂ သူသည် မိမိပါးစပ်၌ ဒုစရိုက်ကို ချိုနိုးထင်၍ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊ ၁၃ နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပါးစပ်၌ ငုံသော်လည်း၊ ၁၄ စားပြီးလျှင် သူ၏ဝမ်းထဲမှာ သဘောပြောင်း၍ မြွေးဆိုး အဆိပ်အတောက် ဖြစ်လိမ့်မည်။ ၁၅ သူမျိုသော စည်းစိမ်စဥစ္စာကို တဖန် အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။ ၁၆ သူသည် မြွေဆိုး အဆိပ်အတောက်ကို စို့၍ မြွေဟောက် ကိုက်သဖြင့် သေရလိမ့်မည်။ ၁၇ အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။ ၁၈ မိမိလုပ်၍ရသော ဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ၁၉ ဆင်းရဲသားတို့ကို ညှဉ်းဆဲ စွန့်ပစ်၍ မိမိမဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊ ၂၀ လောဘ မပြေနိုင်သောကြောင့်၎င်း၊ အလိုရှိသော ဥစ္စာတစုံတခုမျှ မကြွင်း ဆုံးရှုံးရလိမ့်မည်။၊ ၂၁ သူလုယူချင်သော လောဘလက်နှင့် အဘယ်အရာမျှ မလွတ်သောကြောင့်၊ သူ၏ စည်းစိမ်မတည်ရ။ ၂၂ ဥစ္စာ ကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။ ၂၃ သို့သော်လည်း သူသည် ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော် အရှိန်ကိုလွှတ်၍ သူစားစရာဘို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။ ၂၄ သံလက်နက်ကို ရှောင်၍ ပြေးသော်လည်း။ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်း လိမ့်မည်။ ၂၅ မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက်သော ထားသည် သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောထွေဝေလျက် နေရ၏။ ၂၆ ခပ်သိမ်းသော ဘေးတို့သည် သူ့အဘို့ သိုထားလျက် ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကို လောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။ ၂၇ မိုးကောင်းကင်သည် သူ၏အပြစ်ကို ဖေါ်ပြ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်၊ ၂၈ သူ၏အိမ်၌ ရှိသော ဥစ္စာသည် ကွယ်ပျောက်၍ အမျက်တော် ထွက်သောနေ့၌ ရေကဲ့သို့ စီးသွားလိမ့်မည်။ ၂၉ ထိုသို့သော ဆုလဒ်ကို ဘုရားသခင်သည် လူဆိုးအား ပေးတော်မူ၏။ ထိုသို့သော အမွေဥစ္စာကို ဘုရားသခင် ခွဲဝေ စီရင်တော်မူသည်ဟု မြွက်ဆို၏။