ယောဘ၀တ္ထု
အခန်းကြီး ၁၇
ယောဘက သူအဆွေများကို ပြန်ခိုင်း
၁ ငါအသက်ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။ ၂ ကဲ့ရဲ့တတ်သောသူတို့သည် ငါ့ရှေ့မှာ ရှိကြသည် မဟုတ်လော။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ်ငါမြင်ရသည် မဟုတ်လော။ ၃ အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့် ဂတိသစ္စာ ထားမည်နည်း။ ၄ ကိုယ်တော်သည် သူတို့ဥာဏ်ကို ကွယ်စေတော်မူသည် ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။ ၅ အကြင်သူသည် ဥစ္စာကို လုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရ ကြလိမ့်မည်။ ၆ ငါ့ကိုသူ တပါးကဲ့ရဲ့စရာအကြောင်း ဖြစ်စေတော်မူ၍၊ သူတို့သည် ငါကိုရွံ့ကြ၏။ ၇ ဝမ်းနည်းခြင်း အားကြီးသောကြောင့် ငါ့မျက်စိမှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။ ၈ ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ် နှိုးဆော်ကြလိမ့်မည်။ ၉ ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သော သူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။ ၁၀ သင်တို့မူကား တယောက်မျှ မကြွင်း၊ ပြန်သွားကြပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါမတွေ့နိုင်။
ယောဘမြော်လင့်ခြင်းမရှိ
၁၁ ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံအစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ၊ ၁၂ ညသည်ငါ၌ နေကဲ့သို့ဖြစ်၍ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။ ၁၃ သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။ ၁၄ ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ ၍၎င်းငါဆိုရ၏။ ၁၅ သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း။ ငါမြော်လင့်စရာ အကြောင်းကို အဘယ်သူ မြင်ရသနည်း။ ၁၆ ထိုအကြောင်းသည် မရဏာနိုင်ငံအထဲသို့ ဝင်၍၊ ငါနှင့်အတူမြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။