နေဟမိမှတ်စာ
အခန်းကြီး ၄
သမ္ဘာလတ်နှင့် တောဘိတို့က ပြက်ယယ်ပြု
၁ ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာလတ်သည် သိတင်း ကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊ ၂ အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခန့်စေမည်လော။ ယဇ်ပူဇော်မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လော၊ ဟုမိမိအမျိုးသားချင်း၊ ရှမာရိတပ်သားရှေ့မှာ ပြောဆို၏။ ၃ သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိကလည်း၊ သူတို့တည် သောကျောက်ရိုးကို တောခွေးထိခိုက်လျှင်၊ ပြိုလဲလိမ့်မည်၊ ဟုပြန်ပြော၏။
နေဟမိဆုတောင်း
၄ အိုအကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။ သူတို့ကဲ့ရဲ့သော စကားသည်၊ သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော်။ သိမ်းသွားခြင်းကို ခံရာပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော်။ ၅ သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ် မပြေပါစေနှင့်။ မြို့ရိုးကို တည်သောသူတို့၏ စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည်တကား။ ၆ သို့ရာတွင် ငါတို့သည် မြို့ရိုးကို တည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
မြို့ရိုးတည် သူများကို ရန်သူများက တိုက်မည်ကြံ
၇ ယေရုရှလင် မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စပြုကြသည်၊ ဟုသမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသောအခါ၊ အလွန် ဒေါသစိတ်ရှိသဖြင့်၊ ၈ ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်၊ ဟုတညီတညွတ်တည်း တိုင်ပင်ကြ၏။ ၉ သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညမပြတ် ကင်းစောင့်ထားကြ၏။ ၁၀ ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသောသူတို့သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီးအောင် မတတ်နိုင်ကြ၊ ဟုဆိုကြ၏။ ၁၁ ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲ နေစဉ်တွင်၊ ငါတို့သည် သူတို့ အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်၊ ဟုဆိုကြ၏။ ၁၂ သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်၊ ဟုငါတို့အား အထပ်ထပ်ဆိုကြ၏။
မြို့ရိုးတည်သူများကို နေဟမိ အားပေး လက်နက်တပ်ဆင်ပေး
၁၃ ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်းလင်းသော အရပ်တို့၌ ဓါး၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။ ၁၄ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှမှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ်တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယား အိမ်ရာအဘို့ တိုက်ကြလော့၊ ဟုဆို၏။ ၁၅ ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ ကြားသိသောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ ပြန်လုပ်ကြ၏။ ၁၆ နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ၏။ တဝက်သည်လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသား များနောက်မှာနေကြ၏။ ၁၇ မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကိုတင်သောသူ အပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ၏။ လက်တဘက်နှင့် လက်နက်ကို ကိုင်ကြ၏။ ၁၈ တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ဓါးဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သော သူသည် ငါ့အနားမှာရပ်နေ၏။ ၁၉ ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့် ငါဝေးဝေးလုပ်ရ၏။ ၂၀ သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာ အရပ်မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်၊ ဟုမှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။ ၂၁ ထိုသို့ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက်သည် မိုးလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။ ၂၂ ထိုအခါ၌ လည်း၊ ငါက လူတိုင်းမိမိကျွန်နှင့်တကွ ညအချိန်တွင် ယေရုရှလင်မြို့ထဲမှ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညအခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်၊ ဟုလူများတို့အားဆို၏။ ၂၃ ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါနောက်၌ လိုက်သော တပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲ နေရကြ၏။