နေဟမိမှတ်စာ
အခန်းကြီး ၂
နေဟမိ ယေရုရှလင်မြို့ရိုးပြင်ဘို့ ရှင်ဘုရင်ထံ ခွင့်တောင်း
၁ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လတွင် ရှေ့တော်၌ တင်သော စပျစ်ရည်ကို ငါကိုင်၍ ဆက်လေ၏။ ၂ အထက်က တခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကား၊ ဟုမိန့်တော်မူလျှင်၊ ၃ ငါသည် အလွန်ကြောက်၍၊ ရှင်ဘုရင် အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာ မြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာ မညှိုးငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်း၊ ဟုလျှောက်သော်၊ ၄ ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက် ချင်သနည်း၊ ဟုမေးတော်မူ၏။ ၅ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့် တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါ၊ ဟုကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ ၆ ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ နေထိုင်စဉ် ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်း၊ ဟုမေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။ ၇ တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ်အနောက်ဘက်၌ ရှိသော မြို့ဝန်တို့သည် ကျွန်တော်တို့ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။ ၈ ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော် နေရာအိမ်ဘို့၎င်း၊ သစ်ကို ပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါ၊ ဟုတောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့် တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။
နေဟမိသည် ဘုရင်အမိန့်စာနှင့် မြင်းစီးသူရဲတို့နှင့်သွား
၉ ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကို ပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့်အတူ စေလွှတ်တော်မူသတည်း။ ၁၀ ဣသရေလ အမျိုးသားတို့၏ အကျိုးကို ပြုစုခြင်းငှါ၊ လူတယောက် လာကြောင်းကို၊ ဟောရနိလူ သမ္ဘာလတ်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့သည် ကြားသော်၊ အလွန်နှလုံးမသာ ရှိကြ၏။
ညအခါ နေဟမိမြို့ ပြုပြင်ဘို့ တယောက်တည်း စစ်ဆေး
၁၁ ငါသည်လည်း၊ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေပြီးမှ၊ ၁၂ ကိုယ်၌ ပါသောသူ အချို့တို့နှင့်တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ ဘုရားသခင်သည် င့ါအား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသောသူ တယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမှ မပါဘဲ၊ ၁၃ ညအခါ ချိုင့်တံခါးဖြင့် ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေး တံခါးတိုင်အောင် သွားသဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊ ၁၄ စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင် ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊ ၁၅ တဖန်ထိုည၌ ချောင်းနားတွင် လျှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့် လှည့်၍ ဝင်ပြန်လေ၏။ ၁၆ အဘယ်အရပ်သို့ သွားသည်၊ အဘယ်သို့ ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ် ဆောင်သောသူ တစုံတယောက်အားမျှ ငါသည် ကိုယ်အမှုကို မပြောသေး။
မြို့ပြင်ဘို့ နှိုးဆော်ကြ၊ ပြက်ယယ်ပြုခြင်းခံ
၁၇ နောက်တဖန်၊ ငါတို့ခံရသော ဆင်းရဲခြင်း၊ ယေရုရှလင်မြို့ ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့ သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့၊ ဟုသူတို့အားဆိုလျက်၊ ၁၈ ငါ၏ ဘုရားသခင်သည် ငါ့အား ပြုတော်မူသော ကျေးဇူးကို၎င်း၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို၎င်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည်ထ၍ တည်ကြကုန်အံ့၊ ဟုဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ၊ တယောက်ကို တယောက် နှိုးဆော်ကြ၏။ ၁၉ ထိုသိတင်းကို ဟောရနိလူ သမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့သည် ကြားလျှင်၊ ပြက်ယယ်ပြု၍၊ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လော၊ ဟုကဲ့ရဲ့လျက် ဆိုကြ၏။ ၂၀ ငါကလည်း၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည်ထ၍ တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှ မဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိ၊ ဟုပြန်ပြော၏။