ဧဇရမှတ်စာ
အခန်းကြီး ၉
ဣသရေလ အမျိုးသားတို့ အခြားလူများနှင့် ယူကြ
၁ ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဖေါ်သဖြင့်၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။ ၂ အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်အဘို့၎င်း၊ ကိုယ်သားဘို့၎င်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသောအမျိုးသည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက် ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက်အမှုကို အဦးပြုကြပြီတကား၊ ဟုကြားပြောကြ၏။ ၃ ထိုစကားကို ငါကြားလျှင် အတွင်းအဝတ်၊ အပြင်အဝတ်ကိုဆုတ်၍ ဆံပင်နှင့် မုတ်ဆိတ်ကို နှုတ်ပစ်လျက်၊ မိန်းမောတွေဝေလျက် ထိုင်နေ၏။ ၄ ထိုအခါ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံ့သောသူ အပေါင်းတို့သည်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ်ကြောင့်၊ ငါ့ထံမှာ စည်းဝေး၍၊ ညဦယံ ယဇ်ပူဇော်ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေ လျက်နေ၏။
ဧဇရအမျိုးသားများ၏ အပြစ်ဝန်ခံအသနားခံ
၅ ညဦးယံ ယဇ်ပူဇော်ချိန်တွင် စိတ်ပျက်ရာမှ ထ၍ အတွင်းအဝတ်၊ အပြင်အဝတ်ကို ဆုတ်ပြီးလျှင်၊ ဒူးထောက်၍၊ ငါ၏ဘုရား သခင် ထာဝရဘုရား ထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက်၊ ၆ အိုအကျွန်ုပ် ဘုရားသခင်၊ ကိုယ်တော်သို့ မမြော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရားသခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ် လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုးကောင်းကင်သို့ မှီပါ၏။ ၇ ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ် မှစ၍ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တပါးအမျိုးသား ရှင်ဘုရင် လက်သို့အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။ ၈ ယခုခဏတွင်၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန်ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော် ကြီးလှပါ၏။ အကျွန်ုပ်တို့ ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရသော အခွင့်ကို ပေးတော်မူပြီ။ ၉ အကျွန်ုပ်တို့သည် ကျွန်ခံလျက် နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက် လွတ်ခြင်းငှါ၎င်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ၎င်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကိုအကျွန်ုပ်အားပေးခြင်းငှါ၎င်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။ ၁၀ ယခုလည်း အိုအကျွန်ုပ်တို့၏ ဘုရားသခင်၊ ဤသို့ပြုမိပြီးမှ၊ ၁၁ အဘယ်သို့ လျှောက်ရပါမည်နည်း။ ၁၂ ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတံ့သော ပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေးကြောင့် ညစ်ညူးသော ပြည်ဖြစ်၏။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စေကြပြီ။ သို့ဖြစ်၍ သင်တို့သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီးကို သင်တို့သားနှင့် မစုံဘက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေကို ကိုယ်သားမြေးတို့၌ နိစ္စအမွေမြေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့၊ ဟုကိုယ်တော်ကျွန် ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို၊ အကျွန်ုပ်တို့သည် နားမထောင်ပါတကား။ ၁၃ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ခံထိုက်သမျှသော အပြစ်ဒဏ်ကို ပေးတော် မမူသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသော လွန်ကျူးခြင်း အပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှ၎င်း၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာ ပေးတော်မူပြီးမှ၎င်း၊ ၁၄ အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့် ပေါင်းဖေါ်လျှင် တယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီး တော်မူမည်မဟုတ်လော။ ၁၅ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ယနေ့အသက်လွတ်၍ ကျန်ကြွင်းသေးသောသူ ဖြစ်ပါ၏။ ကိုယ်အပြစ်များကို ရှေ့တော်၌ တောင်းပန်ပါ၏။ ထိုအပြစ်ကြောင့်၊ ရှေ့တော်၌ နေရာမရနိုင်ပါ၊ ဟုတောင်းလျှောက်လေ၏။