-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၆


ရှောလမုန်မင်း ပဋိညာဉ် သေတ္တာအိမ်တော်သွင်း

ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်၊ ဟုစကားတော်ရှိ၏။ သို့ရာတွင် ကိုယ်တော် ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲ နေတော်မူရာ ဌာနတော်ကို အ​ကျွန်ုပ် တည်ဆောက်ပါပြီ၊ ဟုမြွက်ဆို၏။ တဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ် အပေါင်းကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလအမျိုး ပရိသတ် အပေါင်းတို့သည် မတ်တပ်နေကြ၏။ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ်တော် စကားဟူမူကား၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍၊ ငါ့နာမတည်ရာ အိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလ ခရိုင်များတို့တွင် မြို့တစုံတမြို့ကို ငါမရွေး။ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောသူကိုလည်း ငါမရွေးသေး။ ယခုမူကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို၎င်း၊ ငါရွေးပြီ၊ ဟုငါ့ခမည်းတော် ဒါဝိဒ်အား ဗျာဒိတ်တော် ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော် ဒါဝိဒ်သည် အကြံရှိသောအခါ၊ ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့်၊ ကောင်းသော အမှုကိုပြုပြီ။ သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့ အိမ်တော်ကို ဆောက်ရမည်၊ ဟုငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။ ၁၀ ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော် ဒါဝိဒ်၏ အရိပ်အရာကို ခံရ၍၊ ထာဝရဘုရား ဂတိတော် ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်လေပြီ။ ၁၁ ဣသရေလ အမျိုးသားတို့နှင့် ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာတော်ကို ထိုအိမ်တော်၌ တင်ထားလေပြီ၊ ဟုမြွက်ဆို၏။


ရှောလမုန်မင်း ဗိမာန်တော်မှ ဆုတောင်း
CROSS REFERENCES






၁၂ ထိုအခါ ရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊ ၁၃ အမြင့်သုံးတောင်ရှိသော ပလ္လင်ကိုလုပ်၍၊ တန်တိုင်းအလယ်၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့၊ ဣသရေလ အမျိုး ပရိသတ် အပေါင်းတို့ အလယ်မှာ ဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက်၊ ၁၄ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ကိုယ်တော်နှင့် တူသော ဘုရားတစ်ဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။ ၁၅ အ​ကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို မဖျက်၊ မိန့်တော်မူသည် အတိုင်း ယနေ့ပြုတော်မူပြီ။ ၁၆ အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏ သားမြေးတို့သည် ငါ့တရားကို ကျင့်လိုသောငှါ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရ၊ ဟုကိုယ်တော်ကျွန် အ​ကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော်မူပါ။ ၁၇ အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားကို ယခု ပြည့်စုံစေတော်မူပါ။ ၁၈ သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ် အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အ​ကျွန်ုပ် တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။ ၁၉ သို့သော်လည်း အိုအ​ကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။ ၂၀ ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ် ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသာ စကားကို နားထောင်တော်မူပါ။ ၂၁ ကိုယ်တော်ကျွန် မှစ၍ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။ ၂၂ လူသည် မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်၊ ဟုအိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော် ၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊ ၂၃ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့် အလျောက် ရှုံးစေခြင်းငှာ၎င်း၊ ​ဖြောင့်မတ်သောသူသည် မိမိ​ဖြောင့်မတ်ခြင်းနှင့် အလျောက် အကျိုးကိုခံရ၍ အပြစ်မှ လွှတ်စေခြင်းငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။ ၂၄ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍ နာမတော်ကို ဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက်၊ ဆုတောင်း ပဌနာပြုလျှင်၊ ၂၅ ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့ကို အပြစ်မှ လွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနား တော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။ ၂၆ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ မိုးမရွာ၊ မိုးခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည်ဤ အရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊ ၂၇ ကောင်းကင်ဘုံ၌ နားထောင်၍ ကိုယ်တော်၏​ကျွန်၊ ကိုယ်တော်၏လူ ဣသရေလ အမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူ တို့အား အမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။ ၂၈ ပြည်တော်၌ အာဟာရ ခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါ တစုံတခု ရောက်သောခါ၊၂၉ ကိုယ်တော်၏လူ ဣသရေလ အမျိုးအချို့တို့သည် အသီးအသီး ခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်ကို မိမိတို့ လက်ဝါးကိုဖြန့်၍ တစုံတခုသော ပဌနာစကားအားဖြင့် ဆုတောင်းလျှင်၊ ၃၀ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နားထောင်တော်မူပါ။ ၃၁ ဘိုးဘေးတို့အား ပေးသနား တော်မူသောပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံး ကိုယ်တော်ကို ကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါ အပေါင်းတို့၏ စိတ်နှလုံး သဘောကို သိတော်မူသည် ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကို သိလျက်၊ သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင်တော်မူပါ။ ၃၂ ကိုယ်တော်၏လူ ဣသရေလ လူမျိုးမဟုတ်၊ တပါးအမျိုးသား တို့သည် ကြီးမြတ်သော နာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက်သဖြင့်၊ ဝေးသောပြည်မှ ရောက်လာ၍ အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊ ၃၃ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသား အပေါင်းတို့သည် ကြောက် ရွံ့လျက် နာမတော်ကို သိစေခြင်းငှာ၎င်း၊ အ​ကျွန်ုပ် တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသား တို့သည် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါ။ ၃၄ ကိုယ်တော် စေခိုင်းတော်မူသည် အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အ​ကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊ ၃၅ သူတို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ၃၆ မပြစ်မှားတတ်သော သူတစ်ယောက်မျှ မရှိသည်ဖြစ်၍၊ ကိုယ်တော်၏လူ တို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသော ပြည်သို့ သိမ်းသွားလျှင်၎င်း၊ ၃၇ ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍ အ​ကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မ​ဖြောင့်မတ်သောအမှု၊ ဆိုးညစ်သော အမှုကို ပြုမိပါပြီ၊ ဟုစိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊ ၃၈ သိမ်းသွားသော ရန်သူတို့၏ ပြည်၌ နေစဉ်၊ စိတ်နှလုံး အကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အ​ကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊ ၃၉ သူတို့ ဆုတောင်း ပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူ တို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။ ၄၀ အိုအ​ကျွန်ုပ် ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ ၄၁ အိုထာဝရ အရှင်ဘုရားသခင်၊ ကျိန်းဝပ်တော်မူရာသို့ တန်ခိုးတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။ အိုထာဝရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပုရောဟိတ် တို့သည် ကယ်တင်ခြင်း တန်ဆာကိုဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူ [A] တို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော်။ ၄၂ အိုထာဝရ အရှင် ဘုရားသခင်၊ ဘိသိက် ပေးတော်မူသောသူ၏ မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန် ဒါဝိဒ် ခံရသော ကျေးဇူးတော်ကို အောက်မေ့တော်မူပါ၊ ဟုပဌနာပြုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.