၂ ရာဇဝင်ချုပ်
အခန်းကြီး ၄
ကြေးဝါ ယဇ်ပလ္လင်ကြီး
၁ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင်ကိုလည်း လုပ်လေ၏။
ကြေးဝါ ယဇ်ပလ္လင်ကြီးအတိုင်းအတာ
၂ အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက် ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။ ၃ ရေကန်အနား ပတ်အောက်ပတ်လည်၌ ဘူးသီးရုပ်များ၊ အတောင် တတောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့် တဆက်တည်း သွန်းလေ၏။ ၄ နွားတဆယ်နှစ်ခုပေါ်မှာ တင်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။ ၅ ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်သည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့် အပျောက်နှင့် ပြည့်စုံ၏။ ရေဗက်သုံးထောင်ဝင်နိုင်၏။
ရေကန်သည် ယဇ်ပုရောဟိတ် ရေချိုးစရာဘို့
၆ မီးရှို့ရာယဇ်နှင့် ဆိုင်သော အရာတို့ကို ဆေးစရာဘို့ အင်တုံ ဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲ ဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မှုကား ယဇ်ပုရောဟိတ် ရေချိုးစရာဘို့ ဖြစ်သတည်း။
ရွှေမီးခုံ
၇ ရွှေမီးခုံဆယ်ခုကိုလည်း၊ အရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။
စားပွဲဆယ်ခု
၈ စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကိုထားလေ၏။ ရွှေဖလား တရာကိုလည်း လုပ်လေ၏။
ဗိမာန်တော်အတွက် လုပ်သမျှ
၉ ယဇ်ပုရောဟိတ် တန်တိုင်း၊ ပြည်တန်တိုင်းကြီး၊ တန်တိုင်း တံခါးရွက်များကိုလည်း လုပ်၍၊ တံခါးရွက်တို့ကိုကြေးဝါဖြင့် ဖုံးအုပ်လေ၏။ ၁၀ ရေကန်ကိုလည်း၊ အိမ်တော် လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။ ၁၁ ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရားသခင်၏ အိမ်တော်၌ လက်စသပ်သော အရာများဟူမူကား၊ ၁၂ တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့် တိုင်ထိပ် အထွဋ်နှစ်ခု၊ တိုင်ထိပ် အထွဋ်ကို ဖုံးလွှမ်းစရာ ကွန်ရွက်နှစ်ရွက်၊ ၁၃ ထိုကွန်ရွက်အပေါ်မှာ သလဲသီး နှစ်တန်းစီ၊ သလဲသီးပေါင်း လေးရာ၊ ၁၄ ခုံများ၊ ခုံပေါ်မှာတင်ထားသော အင်တုံများ၊ ၁၅ ရေကန်တကန်၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။
ဗိမာန်တော်နှင့် ပတ်သက်သော လုပ်သောနေရာ
၁၆ ရှောလမုန် မင်းကြီးအဘို့၊ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော် တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ၏။ ၁၇ ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန် မြို့စပ်ကြားတွင်၊ သရွတ်လုပ် စရာကောင်းသော မြေ၌ ၊ ရှင်ဘုရင် သွန်းလေ၏။ ၁၈ ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှ မသိ။ ၁၉ ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများ တည်းဟူသော၊ ရွှေယဇ်ပလ္လင်၊ ရှေ့တော် မုန့်တင်စရာစားပွဲ၊ ၂၀ တရားတော်အတိုင်း၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာဘို့၊ ရွှေစင်မီးခုံနှင့် မီးခွက်များ၊ ၂၁ ရွှေစင်ဖြင့် ပြီးသော ပန်းပွင့်၊ မီးခွက်၊ မီးတိုင်တန်ဆာများ၊ ၂၂ ရွှေစင်ဖြင့် ပြီးသော မီးညှက်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်း တံခါးရွက်တို့ကိုလည်း၊ ရွှေဖြင့်ပြီးစေ၏။