-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၂


အာရှုရိရှင်ဘုရင် စစ်ချီသောကြောင့် ဟေဇကိ ပြင်ဆင်မှုပြုလုပ်

ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။ ထိုသို့ သနာခရိပ်သည် လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံ ရှိကြောင်းကို ဟေဇကိမင်းသည် သိမြင်လျှင်၊ မြို့ပြင်၌ရှိသော စမ်းရေကို ဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍၊ သူတို့သည် ဝိုင်းလုပ်ကြ၏။ အာရှုရိရှင်ဘုရင်တို့သည် လာ၍ များစွာသောရေကို အဘယ်ကြောင့် တွေ့ရမည်နည်း၊ ဟုလူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်း ရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသော ချောင်းရေကိုလည်း ဖြတ်ကြ၏။ ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်းတည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လောရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာသော လှံလက်နက် ဒိုင်းလွှားတို့ကိုလည်း လုပ်လေ၏။ လူများတို့တွင် တပ်မှူးတို့ကို ခန့်ထား၍၊ မြို့လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသော စကားကိုပြောလျက်၊ ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိရှင်ဘုရင်နှင့် သူ၌ပါသော အလုံးအရင်း အပေါင်းတို့ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌ နေသောသူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက် သာ၍များကြ၏။ သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ ဘုရားသခင်ထာဝရဘုရား ရှိတော်မူသည်၊ ဟုမိန့်တော်မူ၏။ လူများတို့သည် ယုဒရှင်ဘုရင် ဟေဇကိ၏ စကားကို ကိုးစားကြ၏။


အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ထာ၀ရဘုရားကိုကဲ့ရဲ့ကြ

ထိုနောက် အာရှုရိရှင်ဘုရင် သနာခရိပ်သည် ဗိုလ်​ခြေအပေါင်းတို့နှင့်တကွ လာခိရှမြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ​ကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒလူအပေါင်းတို့ ရှိရာသို့၎င်း စေလွှတ်၍၊ ၁၀ အာရှုရိရှင်ဘုရင် သနာခရိပ် မိန့်တော်မူသည်ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကိုခံခြင်းငှါ၊ အဘယ်အရာကို ခိုလှုံကြသနည်း။ ၁၁ ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်တော်မူမည်၊ ဟုဆိုလျက် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းအားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့် ပစ်စေခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည် မဟုတ်လော။ ၁၂ ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကိုပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင်ရှေ့မှာ ကိုးကွယ်ရမည်။ ထိုယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို မိန့်တော်မူပြီ မဟုတ်လော။ ၁၃ ငါနှင့်ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်း အပြည်ပြည်တို့၌ အဘယ်သို့ ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်း အပြည်ပြည် ဘုရားတို့သည် မိမိတို့ ပြည်များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင်သလော။ ၁၄ ငါ့ဘိုးဘေး အကုန်အစင် ဖျက်ဆီးသော တိုင်းနိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်မည်နည်း။ ၁၅ သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မဖျားယောင်းစေနှင့်။ သူ့စကားကို မယုံကြနှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရားမည်မျှသည် မိမိပြည်ကို ငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေးလက်မှ၎င်း၊ မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်၊ ဟုမှာလိုက်လေ၏။

၁၆ သူ့ကျွန်တို့သည် ထာဝရအရှင် ဘုရားသခင်တဘက်၊ ဘုရားသခင်၏ကျွန် ဟေဇကိတဘက်၌ သာ၍ပြောဆိုကြ၏။ ၁၇ ထိုမှတပါးအခြားသော တိုင်းနိုင်ငံဘုရားတို့သည်၊ မိမိလူများကို ငါ့လက်မှ မလွှတ်နိုင်သည်နည်းတူ၊ ဟေဇကိ ကိုးကွယ်သောဘုရားသည်၊ သူ၏လူများကို ငါ့လက်မှမကယ်လွှတ်ရ၊ ဟုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကိုရေး၍ ပေးလိုက်သေး၏။ ၁၈ တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သားတို့ကို ခြိမ်းချောက် နှောင့်ယှက်၍ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်ကြ၏။ ၁၉ လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသားများ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရားသခင်ကို ရော၍ကဲ့ရဲ့ကြ၏။


ဟေဇကိနှင့်ဟေရှာယ ဘုရားအားကိုး၍ကယ်

၂၀ ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊ ၂၁ ထာဝရဘုရား စေလွှတ်တော်မူသော ကောင်းကင်တမန်သည် အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိပြည်သို့ ပြန်သွား၏။ မိမိဘုရား၏ဗိမာန်သို့ ရောက်သောအခါ၊ မိမိသားရင်းတို့သည် ဓါးနှင့်သတ်ကြ၏။ ၂၂ ထိုသို့ ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။ ၂၃ အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင် ဘုရင်ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း၊ ဆောင်ခဲ့ကြသဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသော လူမျိုးရှေ့မှာ ဘုန်းကြီးတော်မူ၏။


ဟေဇကိသည်စိတ်ထောင်လွှား၍ပြန်နှိမ့်ချ

၂၄ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။ ၂၅ သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှားသောစိတ်ရှိ၏။ ထိုကြောင့်သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော် ထွက်လေ၏။ ၂၆ သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှားသော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော်ကာလတွင်၊ ထာဝရဘုရား၏အမျက်တော် မသက်ရောက်။


ဘုရားသခင်က ဟေဇကိကို များစွာကောင်းကြီးပေး

၂၇ ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ်အသရေရှိ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာသိုထားရာ ဘဏ္ဍာတိုက်များကို တည်လေ၏။ ၂၈ စပါးကျီများ၊ ဆီ၊ စပျစ်ရည် သိုထားရာတိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ၏။ ၂၉ ကိုယ်အဘို့မြို့တို့ကိုတည်၍ များစွာသောသိုးနွားတို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာသောဥစ္စာကို ပေးသနားတော်မူ၏။ ၃၀ ထိုမှတပါး၊ ဟေဇကိသည် ဂိဟုန်အထက် ချောင်းကိုပိတ်၍၊ ဒါဝိဒ်မြို့ အနောက်ဘက်သို့ တည့်တည့်စီးစေ၏။ ထိုသို့ ဟေဇကိသည် ပြုလေရာရာ၌ အကြံထမြောက်၏။


ဟေဇကိမင်းအိပ်ပျော်၍ သားတော်မနာရှေနန်းတက်

၃၁ သို့ရာတွင် နိုင်ငံတော်၌ဖြစ်သော အံ့ဘွယ်သောအမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သောအမှုမှာ၊ ဟေဇကိမင်း၏သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍ အလွတ်ထားတော်မူ၏။ ၃၂ ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၃၃ ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်၏ သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသောသင်္ချိုင်း၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည် ဟေဇကိအနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေကို ချီးမြှောက်ကြ၏။ သားတော် မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.