-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၉


ဟေဇကိမင်းနန်းထိုင်၍ ဗိမာန်တော် သန့်ရှင်းရေးလုပ်

ဟေဇကိသည် အသက် နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။ [A] ထိုမင်းသည် အဘဒါဝိဒ် ကျင့်သမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကို ပြု၏။ နန်းစံပဌမနှစ်၊ ပဌမလတွင်၊ ဗိမာန်တော် တံခါးကိုဖွင့်၍ ပြုပြင်တော်မူ၏။ ယဇ်ပုရောဟိတ် လေဝိသားတို့ကို ခေါ်၍ အရှေ့လမ်းမှာ စုဝေးစေလျက်၊ အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။ ငါတို့အဘများသည် ပြစ်မှား၍၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာ အရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။ ဗိမာန်တော် တံခါးတို့ကို ပိတ်လျက်၊ မီးခွက်တို့ကို သတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေလအမျိုး၏ ဘုရားသခင်အား နံ့သာပေါင်းကို မီးမရှို့၊ မီးရှို့ရာယဇ်ကို မပူဇော်ဘဲ နေကြပြီ။ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒပြည် ယေရုရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည်အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲ့ရဲ့သံကို ကြားခြင်းအမှု၌ အပ်တော်မူပြီ။ သို့ဖြစ်၍၊ ငါတို့အဘများသည် ဓါးဖြင့်လဲ သေကြပြီ။ သားသမီး၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ။ ၁၀ ယခုမူကား ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲသွားမည်အကြောင်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။ ၁၁ ငါ့သားတို့၊ မဖင့်နွဲ့ကြနှင့်။ ထာဝရ ဘုရား ရှေ့တော်၌ ရပ်၍ ဝတ်ပြုခြင်း၊ အမှုတော်ကို စောင့်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင်၊


ဗိမာန်တော်ကို လေဝိသားတို့ သန့်ရှင်း

၁၂ လေဝိအမျိုး၊ ကောဟတ်အနွယ်၊ အာမသဲသား မာဟတ်၊ အာဇရိသား ယောလ၊ မေရာရိအနွယ် အာဗဒိသားကိရှ၊ ယေဟလေလသား အာဇရိ၊ ဂေရရှုံအနွယ် ဇိမ္မသား ယောအာ၊ ယောအာသား ဧဒင်၊ ၁၃ ဧလိဇဖန် အမျိုးသား ရှိမရိနှင့် ယေယေလ၊ အာသပ်အမျိုးသား ဇာခရိနှင့်မတ္တနိ၊ ၁၄ ဟေမန်အမျိုးသား ယေဟေလနှင့်ရှိမိ၊ ယေဒုသုန်အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊ ၁၅ အမျိုးသားချင်း တို့ကိုခေါ်၍၊ ကိုယ်ကိုသန့်ရှင်းစေပြီးမှ၊ ထာဝရဘုရား အမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ၏။ ၁၆ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ၊ အတွင်းခန်းထဲသို့ ဝင်၍၊ တွေ့သမျှသော အမှိုက်ကို တံတိုင်းသို့ ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူ၍ သွားကြ၏။ ၁၇ ပဌမလ တရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး ဗိမာန်တော်ကို သန့်ရှင်းစေ၍ ပဌမတဆယ်​ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။ ၁၈ ထိုအခါ ဟေဇကိမင်းကြီး ထံသို့ဝင်၍၊ အ​ကျွန်ုပ်တို့သည် ဗိမာန်တော် တဆောင်လုံး၊ မီးရှို့ရာယဇ်နှင့် တန်ဆာရှိသမျှ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေပါပြီ။ ၁၉ ထိုမှတပါး၊ အာခတ်မင်းကြီး လက်ထက် အဓမ္မပြု၍ ပစ်ထားသော တန်ဆာရှိသမျှတို့ကို အ​ကျွန်ုပ်တို့သည် ပြင်ဆင်၍ သန့်ရှင်းစေသဖြင့်၊ ထာဝရဘုရား ယဇ်ပလ္လင်တော် ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ၏။


ဟေဇကိမင်းနှင့် မြို့သားများ ယဇ်ပူဇော်ကြ

၂၀ ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက်သွား၏။ ၂၁ နန်းတော်အပြစ်၊ သန့်ရှင်းရာ ဌာနတော်အပြစ်၊ ယုဒပြည်အပြစ်​ ဖြေရာယဇ် ပူဇော်စရာဘို့ နွားခုနစ်ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ်ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အာရုန်သား ယဇ်ပုရောစဟိတ် တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည် အတိုင်း၊ ၂၂ နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးတို့ကိုလည်း သတ်၍၊ အသွေးတို့ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ ၂၃ အပြစ်ဖြေရာယဇ် ပူဇော်စရာဘို့ ဆိတ်တို့ကိုလည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ ထုတ်၍၊ မိမိတို့လက်ကို တင်ပြီးမှ၊ ၂၄ ယဇ်ပုရောဟိတ် တို့သည်သတ်၍၊ ဣသရေလ အမျိုးသား အပေါင်းတို့၏ အပြစ်ကို ပြေစေခြင်းငှါ၊ ယဇ်ပလ္လင်ပေါ်မှာ အသွေးအားဖြင့် အပြစ်​ဖြေခြင်း မင်္ဂလာကိုပြုကြ၏။ ထိုသို့ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလ အမျိုးသား အပေါင်းတို့အဘို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိပြီ။


တူရိယာများတီးမှုတ်၍ သီချင်းဆိုကြ

၂၅ ဒါဝိဒ်မင်းကြီးနှင့် သူ၏ ပရောဖက်ဂဒ်၊ ပရောဖက် နာသန်တို့ စီရင်သည်အတိုင်း ခွက်ကွင်း၊ စောင်း၊ တယောနှင့် တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။ ၂၆ သို့ဖြစ်၍ လေဝိသားတို့သည် ဒါဝိဒ် စီရင်သော တူရိယာများကို၎င်း၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို၎င်း၊ ကိုင်လျက်ရှိကြ၏။ ၂၇ ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်ကို ပူဇော်စေခြင်းငှါ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သော တူရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။ ၂၈ မီးရှို့ရာယဇ် ပူဇော်ခြင်းအမှု လက်စမသတ်မှီတိုင်အောင် ပရိသတ် အပေါင်းတို့သည် ကိုးကွယ်လျက်၊ သီချင်းဆိုလျက်၊ တံပိုးမှုတ်လျက် နေကြ၏။ ၂၉ လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့် စည်းဝေးသော သူအပေါင်းတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။ ၃၀ တဖန် ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား ပရောဖက်အာသပ် စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာသီချင်း ဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာသီချင်းကို ဆိုလျက်၊ ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။


ကျေးဇူးတော်ဝန်ခံရာ၊ မီးရှို့ရာယဇ်များပူဇော်

၃၁ ထိုနောက် ဟေဇကိက၊ သင်တို့သည် ယခုထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့် ကျေးဇူးတော် ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြလော့၊ ဟုပြန်၍ မိန့်တော်မူသည်အတိုင်း၊ စည်းဝေးသော သူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ၏။ စေတနာ ရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။ ၃၂ စည်းဝေးသော သူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ် ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်းကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ် နှစ်ရာတည်း။ ၃၃ ပူဇော်သော ဥစ္စာပေါင်းကား၊ နွား​ခြောက်ရာ၊ သိုးသုံးထောင်တည်း။ ၃၄ ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့်၊ မီးရှို့ရာယဇ်ကောင် ရှိသမျှကို မသတ်နိုင်သည်ဖြစ်၍၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကို မသန့်ရှင်းစေမှီ၊ အမှုတော် လက်စမသတ် မှီတိုင်အောင်၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ၏။ ကိုယ်ကို သန့်ရှင်းစေခြင်းငှါ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ၍ စိတ်သဘောဖြောင့်ကြ၏။ ၃၅ မီးရှို့ရာယဇ်များတို့နှင့် မီးရှို့ရာအသီးအသီးဆိုင်သော မိဿဟာယယဇ်ဆီဥ၊ သွန်းလောင်းရာ ပူဇော်သက္ကာ အများရှိကြ၏။ ထိုသို့ ဗိမာန်တော် ဝတ်ပြုခြင်းကို စီရင်သတည်း။ ၃၆ ထိုအမှု လျှင်မြန်သော်လည်း၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့်၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.