-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၈

အာခတ်နန်းထိုင်

အာခတ်သည် အသက် နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ် ​ခြောက်နှစ် စိုးစံလေ၏။ [A] ထိုမင်းသည် အဘ ဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။ ဣသရေလ ရှင်ဘုရင်တို့ လိုက်သော လမ်းသို့လိုက်၍၊ ဗာလဘုရားအဘို့ ရုပ်တုဆင်းတု များကို သွန်းလေ၏။ ထာဝရဘုရားသည် ဣသရေလ အမျိုးသားရှေ့မှ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကို မီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။ မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။


ရှုရိရှင်ဘုရင်လက်သို့အပ်

ထို့ကြောင့်၊ သူ၏ ဘုရားသခင် ထာဝရဘုရားသည် သူ့ကို ရှုရိ ရှင်ဘုရင် လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကိုဖမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။


ဣသရေလရှင်ဘုရင် လက်သို့အပ်

တဖန် ဣသရေလရှင်ဘုရင် လက်သို့အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင် ရေမလိသား ပေကာသည် ကြမ်းတမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သော ယုဒအမျိုးသား တသိန်းနှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ကြသတည်း။ ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သား မာသေယ၊ နန်းတော်အုပ် အာဇရိကံ၊ ရှင်ဘုရင်နောက် ဒုတိယမင်း ဧလကာနကို သတ်၏။ ဣသရေလ အမျိုးတို့သည်လည်း မိမိတို့နှင့် ပေါက်ဖေါ်တော် သောယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်း နှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှမာရိမြို့သို့ ဆောင်သွားကြ၏။


ပရောဖက်ကသတိပေး

ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရောဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသော တပ်ကိုဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော် ထွက်သောကြောင့်၊ သင်တို့လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုးကောင်းကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီတကား။ ၁၀ ယခုတွင်လည်း ယုပြည်သည် ယေရုရှလင်မြို့သား ယောက်ျားမိန်းမတို့ကို အစေခံ​ကျွန်လုပ်၍၊ နှိပ်စက်မည့် အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။ ၁၁ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သည် ယခုဖမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်၊ ဟုသတိပေး၏။


သိမ်းထားသောစစ်သုပန်းများကိုပြန်လွှတ်

၁၂ ထိုအခါ ဧဖရိမ်အမျိုးသား အကြီးအကဲ၊ ယောဟနန်သားအာဇရိ၊ မေရှိလေမုတ်သားဗေရခိ၊ ရှလ္လုံသားဟေဇကိ၊ ဟာဒလဲသားအာမသာတို့သည် စစ်တိုက်ရာမှ လာသောသူတို့ကို ဆီးတား၍၊ ၁၃ သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ် မှာထပ်၍ ပြစ်မှားစေဦးမည်၊ ဟုသင်တို့ ကြံစည်ကြသည် တကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက် ရှိသည်၊ ဟုဆိုသောကြောင့်၊ ၁၄ စစ်သူရဲတို့သည် သိမ်းယူခဲ့သော လူများနှင့် လုယူခဲ့သော ဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။ ၁၅ အထက်ဆိုခဲ့ပြီးသော သူတို့သည်ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်စေကြ၏။ ​ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်းစေကြ၏။ အားမရှိသော သူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ပေါက်ဖေါ်ရှိရာ ယေရိခေါမြို့ တည်းဟူသော စွံပလွံပင်မြို့သို့ ပို့ပြီးမှ၊ ရှမာရိမြို့သို့ ပြန်သွားကြ၏။


ဧဒုံလူများကနိုင်

၁၆ ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။ ၁၇ အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန်သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကို ဖမ်းဆီးသိမ်းသွားကြပြီ။


ဖိလိတ္တိလူတို့ကနိုင်

၁၈ ဖိလိတ္တိ လူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည် တောင်ပိုင်း၌ရှိသော မြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကိုယူ၍ နေရာချကြ၏။


ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ

၁၉ ယုဒရှင်ဘုရင် အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။


အာရှုရိရှင်ဘုရင်အားကိုး၍ ပိုဆင်းရဲစေ

၂၀ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာ လာသော်လည်း အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။ ၂၁ အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကို ခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုဘုရင်သည် ကျေးဇူးပြန်၍မပြု။


ဘုရားကိုပို၍ပြစ်မှား

၂၂ အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ ထာဝရဘုရားကိုသာ၍ ပြစ်မှား၏။ ၂၃ ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍၎င်း ဆိုသော်၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနဲစရာအကြောင်း ဖြစ်သတည်း။


အာခတ်မင်းဗိမာန်တော်ကိုဖျက်၍တံခါးပိတ်

၂၄ တဖန်အာခတ်သည် ဗိမာန်တော် တန်ဆာတို့ကို စုထား၍ အပိုင်းပိုင်းချိုးဖျက်၏။ ဗိမာန်တော် တံခါးတို့ကိုလည်း ပိတ်ထား၏။ ယေရုရှလင် မြို့ထောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။ ၂၅ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဘို့ ယုဒမြို့ အသီးအသီးတို့၌ မြင့်သော အရပ်တို့ကိုတည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။


၂၆ အာခတ် ကျင့်ကြံပြုမူသော အမှုအရာ ကြွင်းလေမျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၇ အာခတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ယေရုရှလင်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံရသော်လည်း ဣသရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုလ်ကြ။ သားတော် ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.