၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၆
၁ ယုဒပြည်သူ ပြည်သား အပေါင်းတို့သည်၊ အသက် တဆယ်ခြောက် နှစ်ရှိသော သားတော် ဩဇိကိုယူ၍၊ ခမည်းတော် အာမဇိအရာ၌ နန်းတင်ကြ၏။ ၂ ထိုမင်းသည် ခမည်းတော် သေသောနောက်၊ ဧလုပ်မြို့ကို ပြုစု၍၊ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။ ၃ ဩဇိသည် အသက် တဆယ်ခြောက် နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိ အမည်ရှိ၏။ ၄ ထိုမင်းသည် ခမည်းတော် အာမဇိပြုသည်အတိုင်း၊ ထာဝရ ဘုရားရှေ့တော်၌ တရားသော အမှုကိုပြု၏။ ၅ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည်သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သော ကာလပတ်လုံး၊ ဘုရားသခင်သည် အကြံ ထမြောက်ရသော အခွင့်ကို ပေးတော်မူ၏။ ၆ ထိုမင်းသည် စစ်ချီ၍၊ ဖိလိတ္တိလူတို့ကိုတိုက်သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကိုဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။ ၇ ဘုရားသခင်သည် ဖိလိတ္တိလူ၊ ဂုရဗာလမြို့မှာ နေသော အာရပ်လူ၊ မဟုနိမ် လူတို့တဘက်၌ သူ့ကိုမစတော်မူ၏။ ၈ အမ္မုန် အမျိုးသားတို့သည်လည်း၊ ဩဇိမင်းအား လက်ဆောင် ပဏ္ဍာတို့ကို ဆက်ကြ၏။ သူသည် အလွန်ကိုယ်ကို ခိုင်ခံ့စေသဖြင့်၊ သိတင်းတော်သည် အဲဂုတ္တု ပြည်တိုင်အောင်၊ ကျော်စောလေ၏။
၉ ဩဇိမင်းသည် ယေရုရှလင်မြို့ ထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးကွေ့တံခါး၌ ရဲတိုက်တို့ကိုတည်၍၊ ခိုင်ခံ့စေ၏။ ၁၀ တော၌လည်း၊ ရဲတိုက်တို့ကို တည်၏။ ရေတွင်းများကိုလည်း တူး၏။ ချိုင့်ဝှမ်းရာအရပ်နှင့် မြေညီရာအရပ်၌၊ များစွာသော သိုးနွားတို့ကို၊ ဆည်းဖူး၍ တောင်အရပ်၊ မြေကောင်းသောအရပ်၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့သော အမှုများကို ဝါသနာရှိ၏။
၁၁ ဩဇိမင်း၌ တပ်စာရေး ယေယေလနှင့် တပ်အုပ် မာသေယတို့သည် စာရင်းယူသည်အတိုင်း၊ ရှင်ဘုရင်၏ ဗိုလ်မင်း ဟာနနိသည် စီရင်၍၊ အသီးအသီး တပ်ဖွဲ့သော စစ်သူရဲ ဗိုလ်ခြေများရှိကြ၏။ ၁၂ ထိုသို့ ခွန်အားကြီးသော သူရဲ အဆွေအမျိုးအလိုက်၊ အကြီးအကဲ လုပ်သောသူ ပေါင်းကား၊ နှစ်ထောင် ခြောက်ရာတည်း။ ၁၃ ထိုသို့ အကြီးအကဲ လုပ်သောသူ၊ ရန်သူတဘက်၌ ရှင်ဘုရင်ကို ထောက်မခြင်းငှါ၊ ကြီးသော ခွန်အားနှင့် စစ်တိုက်သော သူရဲပေါင်းကား၊ သုံးသိန်း ခုနစ်ထောင် ငါးရာတည်း။ ၁၄ ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဘို့၊ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာ လောက်လွှဲတို့ကို ပြင်ဆင်လေ၏။ ၁၅ လိမ္မာသောသူတို့သည် ဥာဏ်ရှာ၍ လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင် မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြှားနှင့် ကျောက်ကြီးကို ပစ်စရာဘို့၊ ပြင်ဆင်လေ၏။ ထိုသို့ တန်ခိုးကြီးအောင်၊ အထူးသဖြင်၊ မစခြင်းကို ခံရသည်ဖြစ်၍၊ သိတင်းတော်သည် အနှံ့အပြား ကျော်စော၏။
၁၆ ဩဇိမင်းသည် တန်ခိုးကြီးသောအခါ၊ ကိုယ်အကျိုးနည်းအောင် ထောင်လွှားသော စိတ်ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရ ဘုရားကို ပြစ်မှား၍၊ နံ့သာပေါင်းကို မီးရှို့ရာယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ၁၇ ယဇ်ပုရောဟိတ် အာဇရိသည် ရဲရင့်ခြင်း သတ္တိရှိသော ထာဝရဘုရား၏ အမှုတော်ထမ်း ယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့် တကွ၊ ရှင်ဘုရင် ဩဇိ နောက်တော်သို့လိုက်၍၊ ၁၈ ဆီးတားသဖြင့်၊ အိုဩဇိမင်း၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ၊ ခန့်ထားသော အာရုံနှင့် ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်းရာ ဌာနထဲက ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေပျက် လိမ့်မည်ဟု ဆိုကြလျှင်၊ ၁၉ ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ၊ လင်ပန်းကို ကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်၏ အနား၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။ ၂၀ ယဇ်ပုရောမင်းနှင့် ယဇ်ပုရောဟိတ် အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကို မြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့ နှင်ထုတ်ကြ၏။ ရှင်ဘုရင် ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့်၊ အလျှင်အမြန် ထွက်လေ၏။ ၂၁ ထိုသို့ ဩဇိမင်းသည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသော နန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော် ယောသံသည် နန်းတော်ကို အုပ်စိုး၍ နိုင်ငံတော်အမှုကို စီရင်ရ၏။ ၂၂ ဩဇိ ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့ကို၊ အာမုတ်သား ပရောဖက် ဟေရှာယသည် ရေးထားလေ၏။ ၂၃ ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သူတို့နှင့်အတူ သင်္ဂြိုလ်ခြင်းကို ခံရသော်လည်း၊ လူနူဖြစ်သောကြောင့်၊ ရှင်ဘုရင်တို့ သင်္ချိုင်းနှင့် ဆိုင်သော မြေကွက်၌ သာသင်္ဂြိုလ်ကြ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။